မန္တလေးသတင်း

မြင်းခြံ-နွားထိုးကြီးလမ်းပေါ် ငွေညှစ်ဂိတ်က ပျူတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊နှစ်ယောက်သေ၊ တစ်ယောက် အရှင်ဖမ်းမိပြီး သေနတ်နှစ်လက်ပါ သိမ်းဆည်းရရှိ

MN/MFP ၊ နိုဝင်ဘာ – ၂၃

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ် ဂိတ်ဖွင့်ကာ ပြည်သူတွေဆီကနေ ဖမ်းဆီးငွေညှစ်နေတဲ့ ပျူခေါင်းဆောင် သီတာယုမွန် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ နှစ်ယောက်သေပြီး၊ တစ်ယောက်အရှင်ဖမ်းမိခဲ့သလို သေနတ်နှစ်လက်ပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

နွားထိုးကြီးမြို့နယ်၊ရွာကြီးကျေးရွာမှာ အထိုင်ချတပ်စွဲပြီး မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်မှာ ဂိတ်စခန်းဖွင့်ထားတဲ့ ပျူတွေကို နိုဝင်ဘာ ၂၁ရက် မနက်ပိုင်း ကင်းထွက်လာချိန်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ထနောင်းမြေစစ်ကြောင်း တာဝန်ခံ ရဲဘော်မူတူးက MFP ကို ပြောပါတယ်။

“ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာက ရွာကြီးရွာမှာ အထိုင်ချထားတဲ့ မြင်းခြံ ပျူခေါင်းဆောင် သီတာယုမွန်ရဲ့ လက်အောက်ခံ ပျူတွေပေါ့။ သူတို့က မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်မှာ ဂိတ်စခန်းတွေ ဖွင့်ထားကြတာ။ အဲဒီ ဂိတ်တွေကနေ ပြည်သူတွေကို ပေါ်တာဆွဲတယ်။ ဈေးဝယ်လာတဲ့ ပြည်သူတွေရဲ့ ဈေးကားတွေကို မကြာခဏ ဖမ်းတယ်။ အဲဒီနေ့ကတော့ ကျွန်တော်တို့ သတင်းရထားတယ်။ သူတို့(ပျူ) ရွာပြင်ကို ကင်းထွက်ရောက်လာမယ်ဆိုတာ။ သူတို့ရှိတဲ့နေရာအနီးထိ ကျွန်တော်တို့အဖွဲ့တွေက ဝင်ပြီးတော့ ပစ်ခဲ့တာ။ အရင်ရက်ကတည်းက လုပ်ဖို့စီစဉ်ထားတာ ပြည်သူတွေရှိနေလို့ပါ။ ပြည်သူတွေမရှိတဲ့နေ့ကျမှ တိုက်ခိုက်ခဲ့တာပါ။ သေတာကတော့ ပျူနှစ်ယောက်ပါ။ အရှင်မိတာကလည်း ပျူပါပဲ။ သေနတ်က နှစ်လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့လည်း စကစနဲ့ ဝေးတဲ့နေရာမှာ နေထိုင်ပေးကြဖို့ကိုလည်း ပြောလိုပါတယ်ဗျ”လို့ သူကရှင်းပြပါတယ်။

အဲဒီလိုတိုက်ခိုက်ရာမှာ ပျူခေါင်းဆောင် သီတာယုမွန် လက်အောက်ခံ ပျူစောထီး နှစ်ယောက်သေပြီး တစ်ယောက် အရှင်ဖမ်းမိခဲ့သလို ကာဘိုင် တစ်လက်နဲ့ KO အမျိုး အစား တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အရှင်ဖမ်းဆီးရမိထားတဲ့ ပျူတစ်ယောက်ကိုတော့ လက်ရှိမှာ စစ်ဆေးနေပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထနောင်းမြေ စစ်ကြောင်း တာဝန်ခံက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်ခံလိုက်ရပြီးနောက် မနေ့က နိုဝင်ဘာ ၂၂ ရက်မှာတော့ မြင်းခြံမြို့ပေါ်ကနေ စစ်အုပ်စု ကားသုံးစီးနဲ့ ရောက်လာပြီး ညောင်ပင်ရွာနဲ့ ရွာကြီးရွာက ဂိတ်စခန်းတွေကို အင်အားတွေ ထပ်ဖြည့်သွားတယ်လို့လည်း ထနောင်းမြေစစ်ကြောင်း တာဝန်ခံက ဆိုပါတယ်။

“လောလောဆယ်မှာတော့ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းမှာ စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး။ မနေ့က မြို့ပေါ်ကနေ သီတာယုမွန်တို့အဖွဲ့တွေ ကားသုံးစီးနဲ့ သူတို့ ဂိတ်စခန်းတွေကို အင်အားတွေ လာဖြည့်သွားတာတော့ရှိတယ်။ အင်အားဖြည့်ပြီးတော့ ညနေကျမှ မြို့ထဲ ပြန်သွားကြတာ” လို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေ စစ်ကြောင်း၊ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ မြင်းခြံ-ပကဖ တိုက်နယ်(၁)၊ ပြည်သူ့ကြယ်တပွင့် ပျောက်ကြားတပ်ဖွဲ့က ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထနောင်းမြေစစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးခဲ့တဲ့ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ စစ်အုပ်စုနဲ့ပျူတွေက လေကြောင်းအားကိုးနဲ့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အဲဒီ လမ်းပိုင်းပေါ်မှာရှိတဲ့ စံပြ၊ တဲ၊ ညောင်ပင်၊ ရွာကြီး၊ ကံနှောင်း၊ လျှော်ဖြူ၊ ညောင်ပင်သာ စတဲ့ ကျေးရွာတွေမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ရဲ့ ပျူတွေက ဂိတ်စခန်းတွေ ဖွင့်ထားပြီး ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေကို ပေါ်တာဆွဲတာနဲ့ ဖမ်းဆီးငွေညှစ်တာတွေ မကြာခဏ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုတွေ အထိုင်ချထားတဲ့ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်ရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်ကနေ ဒီကနေ့ထိ တစ်နှစ်ကျော်ကြာ တောတောင်တွေထဲမှာ စစ်ဘေးတိမ်းရှောင်နေကြရဆဲလည်း ဖြစ်ပါတယ်။

မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ် ဂိတ်ဖွင့် ငွေညှစ်နေတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့စဉ်/ ဓာတ်ပုံ-ထနောင်းမြေစစ်ကြောင်း

MFP ရဲ့ သတင်းနဲ့ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#MFP #မြင်းခြံ-နွားထိုးကြီး #ပျူစောထီး

Related Articles

Back to top button