မန္တလေးသတင်းအညာမြေ တော်လှန်ရေး

သပိတ်ကျင်း စစ်မြေပြင် ရှေ့တန်းရောက် တော်လှန်ရေး ရဲဘော် အယောက်စီတိုင်းအတွက် MOD က ဂုဏ်ပြုအားပေး သဝဏ်လွှာ ပေးပို့၊

ထင်လင်း/MFP၊ အောက်တိုဘာ – ၁၅

မန္တလေးတိုင်း၊ သပိတ်ကျင်းဒေသ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရှေ့တန်းရောက် တော်လှန်ရေးရဲဘော် အယောက်စီတိုင်းအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD က ဂုဏ်ပြုအားပေးတဲ့ သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့ သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်ရောက် တော်လှန်ရေး ရဲဘော်တွေက MFP ကို ပြောပါတယ်။

“သပိတ်ကျင်းစစ်မြေပြင်မှ သူရဲကောင်း ရဲဘော်များသို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပေးပို့သည့် ဂုဏ်ပြုအားပေး သဝဏ်လွှာ” ဆိုပြီး MOD ပြည်ထောင်စု ဝန်ကြီးက စက်တင်ဘာ ၂၈ ရက်စွဲနဲ့ ပေးပို့တဲ့ စာမှာ  “တော်လှန်ရေးရဲဘော်တွေဟာ မိမိတို့ထက် အင်အား အဆမတန်များပြားတဲ့ ရန်သူ့အင်အား ၂၀၀၀ ကျော်ကို ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်တိုက်ခိုက်နေကြပြီး ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ရဲဘော်တွေရဲ့ စိတ်ဓာတ်ကို အပြည့်အဝ အသိအမှတ်ပြု ဦးညွှတ်ဂုဏ်ပြုတယ်” လို့ ဖော်ပြထားပါတယ်။

ဂုဏ်ပြုအားပေး သဝဏ်လွှာအပြင် ရှေ့တန်းက တိုက်ခိုက်ရေးရဲဘော်နဲ့ ဆေးတပ်သား ရဲဘော်တွေအတွက် မုန့်ဖိုးအဖြစ် ကျပ် ၃၀,၀၀၀ စီ ရရှိတယ်လို့လည်း ရဲဘော်တချို့က ပြောပါတယ်။

“ရဲဘော်တွေ ပျော်တာကို မြင်ရင်ကို ပီတီပေါ့ဗျာ၊ ဘာလို့လဲဆို ရှေ့တန်းစစ်မျက်နှာမှာ ပင်ပန်းမှုတွေ ကြားက အပြုံးပန်း တစ်ပွင့်ပေါ့”လို့ သပိတ်ကျင်း စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ယခုရက်ပိုင်းမှာ စစ်ရေးအခြေအနေအရ နယ်မြေတချို့ကို လက်လွှတ်ဆုံးရှုံးနေပေမယ့် စစ်ပရိယာယ်အရ နယ်မြေတစ်ခုကို စွန့်လွှတ်ဆုံးရှုံးရတာဟာ စစ်ရှုံးခြင်း မဟုတ်ဘဲ ပိုမိုကြီးမားတဲ့ အောင်ပွဲအတွက် ပြန်လည်ပြင်ဆင်စုဖွဲ့ဖို့ အချိန်ယူခြင်းသာ ဖြစ်ကြောင်း MOD ရဲ့ ဂုဏ်ပြုအားပေး သဝဏ်လွှာမှာ ဆိုထားပါတယ်။

အဲ့ဒီအပြင် တစ်နှစ်ကျော်ကြာ ခုခံမှုဟာ ရန်သူစစ်အုပ်စုရဲ့ ထိုးစစ်အရှိန်ကို ချိုးနှိမ်ရုံသာမက ရန်သူ့အင်အားနဲ့ ရိက္ခာကို အကြီးအကျယ် ပြုန်းတီးစေခဲ့ပြီး အခြား စစ်မျက်နှာမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်နဲ့ အခွင့်အလမ်းတွေ ဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

MOD၊ တော်လှန်ရေး မဟာမိတ်တွေအနေနဲ့လည်း လိုအပ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ အထောက်အပံ့တွေ ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး သပိတ်ကျင်း စစ်မြေပြင်ဟာ ရန်သူ စစ်အုပ်စုအတွက် င်္သချိုင်းမြေ ဖြစ်စေရမည် ဖြစ်ကြောင်းနဲ့ ရဲဘော်တွေရဲ့ စွမ်းပကားနဲ့ ပြည်သူ့အားမာန်ကို ယုံကြည်လျှက်ရှိတယ်လို့ MOD ရဲ့ ဂုဏ်ပြုအားပေး သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း သပိတ်ကျင်းမြို့ အပါအဝင် သပိတ်ကျင်းနယ် စစ်စခန်း အများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ၇မိုင်နဲ့ တွင်းငယ်ရွာအနီးရှိ နောက်ဆုံးလက်ကျန် စစ်စခန်းတွေထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို တစ်နှစ်ခန့်ကြာ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်အုပ်စုက ငလျင်ဘေးကြောင့် အပစ်ရပ်တာကို အခွင့်ရေးယူကာ သပိတ်ကျင်းနယ်ထဲ လေကြောင်းက အင်အားဖြည့်ပြီး ယခု ၂၀၂၅ နှစ်လယ်ပိုင်းမှာတာ့ လေကြောင်းအားကိုး၊ ဒရုန်းအားကိုး၊ တရုတ်အားကိုးနဲ့ ပြန်လည် ဖောက်ထွက်ထိုးစစ်ဆင်ကာ ဇူလိုင်လမှာ သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူသွားနိုင်ခဲ့ပါတယ်။

Related Articles

Back to top button