မကွေးသတင်း

ပခုက္ကူလေယာဉ်ကွင်းမှာ ရိက္ခာယူပြန်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ လက်နက်တချို့ရရှိ

သက်တန့်/MFP ၊ အောက်တိုဘာ – ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် လေယာဉ်ကွင်းမှာ အထိုင်ချထားတဲ့ စစ်အုပ်စုဆီကနေ မြောက်လူးကန်ရွာအထိုင်စခန်းဆီကို ရိက္ခာတွေသယ်ဆောင်ပြီး ပြန်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်အုပ်စုအသေအပျောက်ရှိပြီး လက်နက်တချို့ပါ သိမ်းဆည်းရရှိခဲ့တယ်လို့ Southern Yeasgyo တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၅ ရက် မနေ့က မြောက်လူးကန်ရွာ စစ်အုပ်စုအထိုင်စခန်းအတွက် ပခုက္ကူလေယာဉ်ကွင်းမှာရှိတဲ့ စစ်အုပ်စုဆီကနေ ရိက္ခာတွေယူပြီး ပြန်ဖို့လုပ်ဆောင်နေချိန်မှာ တိုက်ခိုက်လိုက်တာဖြစ်ပြီး စစ်အုပ်စု ခြောက်ဦးသေဆုံးပြီး လက်နက်နှစ်လက်သိမ်းဆည်ရရှိတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်အုပ်စုစစ်ကြောင်းမှာ အင်အား ၂၀ လောက်ပါဝင်ပြီး လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတာကြောင့် ရှေ့ကိုဆက်မတိုးနိုင်တော့ဘဲ လေယာဉ်ကွင်းဆီကို ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

လေယာဉ်ကွင်းဆီကို ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီး လေယာဉ်ကွင်းမျှော်စင်ပေါ်နဲ့ မြောက်လူးကန်ရွာအထိုင်စခန်းတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပြန်လည်ပစ်ခတ်တာတွေလည်းရှိတာကြောင့် လက်နက်တချို့ကိုတော့ ကောက်ယူနိုင်ခြင်းမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်ပေါင်းစုဘက်က ရဲဘော်တစ်ဦး လက်မောင်းကျည်ဖောက်ဝင်သွားခဲ့ပေမဲ့ အသက်အန္တရာယ်စိုးရိမ် စရာမရှိဘူးလို့ ဖော်ပြပါတယ်။ 

စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်မှုမှာ Southern Yeasgyo တပ်ပေါင်းစု၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ Southern Revolution Group(YRG)၊ ပြည်သူ့အားမာန် PDF ၊ King Cobra ၊ ဒေါင်းစစ်သည် စတဲ့တော်လှန်ရေး အင်အားစုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button