မန္တလေးသတင်း

မြင်းခြံမှာ ထွက်ပြေးသွားတဲ့ အချုပ်သား ၃၀ အထဲက သေနတ် သုံးလက်နဲ့အတူ ရှစ်ဦးပြန်ဖမ်းမိ

MN/MFP ၊ အောက်တိုဘာ – ၁၇

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သား ၃၀ ဝန်းကျင် သေနတ်သုံးလက်ယူပြီး ထွက်ပြေးသွားခဲ့ရာ သေနတ် သုံးလက်နဲ့အတူ အချုပ်သား ရှစ်ဦး ပြန်ဖမ်းမိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက် သွားတဲ့ အချုပ်သားတွေအထဲမှာ ပျုစောထီးတွေအပြင် ပြစ်မှုနဲ့ဖမ်းဆီးခံထားရသူတွေ ပါဝင်ပြီး အောက်တိုဘာလ ၁၆ ရက် ညပိုင်းမှာ အချုပ်ကို​ ဖောက်ပြေးသွားကြတာလို့ ဆိုပါတယ်။

 မြင်းခြံအခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးကလည်း ထွက်ပြေးသွားသူတွေအထဲက ရှစ်ဦးကို ပြန်ဖမ်းမိကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ဖော် ရေးသားထားတာ တွေ့ရပါတယ်။

“ထွက်ပြေးအချုပ်သားများထဲမှ ကျား ၇ ၊ မ ၁ ပေါင်း ရှစ်ဦးအား zero အဖွဲ့မှ ဖမ်းဆီးထားပြီး AK တစ်လက်၊ အတို တစ်လက်၊ ကာဘိုင်တစ်လက် ဓားရှည်တစ်ချောင်းနဲ့အတူ သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံပြီး။ ဒီလောက်ပါပဲ”

မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သား ၃၀ ဝန်းကျင်ဟာ သေနတ် သုံးလက်ယူဆောင် ထွက်ပြေးသွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဒီကနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ သတင်းဖော်ခဲ့တာဖြစ်ပါတယ်။

MFP က ဆက်သွယ်မေးမြန်းခဲ့တဲ့ နီးစပ်သူတွေကတော့ ထွက်ပြေးလွတ်မြောက်နေတဲ့ ကျန်ရှိသူတွေကိုလည်း ဖမ်းဆီးနိုင်ဖို့ မြင်းခြံမြို့နယ်အတွင်း ပိုက်စိပ်တိုက် ရှာဖွေနေတယ်လို့ ဆိုကြပါတယ်။ 

မြင်းခြံခရိုင် ပကဖ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်ခဲ့မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြေပြင်တာဝန်ရှိသူတွေကို MFP က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

မြင်းခြံနဲ့ နွားထိုးကြီးနယ်မှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က နေအိမ်တွေရာနဲ့ချီ မီးလောင်ပျက်စီးခဲ့သလို သောင်းနဲ့ချီတဲ့  ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button