ဒေသခံပြည်သူ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
ဘဦး/MFP၊ အောက်တိုဘာ – ၁၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်ထဲ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု လက်နက်ကိုင်တွေ အင်အား ၁၅၀ လောက်နဲ့ နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးလို့ ပြည်သူ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၁၈ရက် ဒီကနေ့ မနက် ၇ နာရီလောက်က စတင်ကာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု လက်နက်ကိုင်တွေက ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုးတာ ဖြစ်ပြီး မုံရွာမြို့ရှိ မအူငွေညစ်ဂိတ်ကနေလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဆားလင်းကြီးနယ်ဘက် ရမ်းကားပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက နှစ်ကြောင်းထိုးတာဗျ။ တစ်ကြောင်းက လယ်တီရွာနား ရောက်နေပြီ ၊ တစ်ကြောင်းက သဲကောကြီးကနေ တုံရွာမကို ရောက်သွားပြီ။ လက်ရှိ အခြေနေထိတော့ ထိတွေ့တိုက်ပွဲတွေ မဖြစ်သေးဘူး” လို့ စစ်ရှောင်ပြည်သူတစ်ဦးက MFP ကို ပြောပါတယ်။
ဆားလင်းကြီးနယ်ထဲ နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ အောက်တိုဘာ ၁၇ရက်မှာ မုံရွာမြို့ကတဆင့် ချင်းတွင်းမြစ်ကို ဖလက်မော်တော်တွေနဲ့ ကူးလာပြီးနောက် ညောင်ပင်ကြီး စခန်းမှာ ဝပ်ကျင်းချကာ ဒီမနက်ပိုင်း ကျေးရွာတွေကို စီးနင်းလုယက်နေတာလို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ဆားလင်းကြီးနယ်ရှိ လက်ပံတောင်း၊ ရွှေလှေ၊ ပလောင်၊ ကူးတို့ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ ဝှက်မှေး၊ ကံတော၊ ဇီးတော၊ ဆည်တဲ၊ သဲကောကြီး၊ လယ်တီ၊ တုံ၊ တောကျောင်း၊ ဖောင်းကတာ၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေက ပြည်သူ ၁၅,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးကာ စစ်ဘေးရှောင် နေကြရတယ်လို့ ဆိုပါတယ်။
မုံရွာကနေ ချင်းတွင်းမြစ်ကို ဖြတ်ပြီး ဆားလင်းကြီးနယ်ထဲ ဝင်လာတဲ့ မင်းအောင်လှိုင် သစ္စာခံ လက်နက်ကိုင်တွေနဲ့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ဒေသခံတွေ/Photo – အညာပစ်တိုင်းထောင်လေးများ



