
ကိုသူ /MFP၊ အောက်တိုဘာ – ၂၀ ရက်
မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေး-တမူး အာရှလမ်းမကြီးကို စစ်အုပ်စုတပ်တွေက အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ ကလေးမြောက်ပိုင်းက ကျေးရွာတွေကို ထိန်းချုပ်လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မိုင် ၈၀ ကျော် ရှည်လျားတဲ့ ကလေး – တမူးလမ်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုတပ်က ဩဂုတ်လက စတင်ကာ စစ်ကြောင်းထိုးဝင်ရောက် နေတာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကလေးမြို့နယ်မြောက်ပိုင်းက ကံကြီး၊ ကံသာယာ၊ ရာဇဂြိုလ်၊ နန်းစောင်းပု၊ လက်ပံချောင်း စတဲ့ကျေးရွာတွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကို အောက်တိုဘာ ၂၀ ရက် ဒီနေ့မှာ လက်လွှတ်လိုက်ရတယ်လို့စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကလေးမြောက်ပိုင်းကတော့ အားလုံး ပေးလိုက်ရပြီ၊ စစ်တပ်က ကလေး -တမူးလမ်းကြောင်းက စော်ဘွားရေရှင်မှာ တပ်ခွဲတစ်ခု ထားတယ်။ နောက်တပ်ကတော့ ကလေး -တမူးလမ်း အနောက်မှာ ရှိတဲ့ ရာဇဂြိုလ် ကို စစ်ကြောင်းထိုးတယ်၊အဲ့ဒီ စစ်ကြောင်း က မြစိမ်း ၊မြလင်း ကနေ မနေ့က ညနေမှာ လက်ပံချောင်းကို စစ်ကြောင်းထိုးတယ်။ ပြည်တော်သာ ထိရောက်ပြီးတော့ ကလေးဘက်ကနေ အစောင့် တပ်ဖြစ်တဲ့ ဆည်ကြီးကတပ်နဲ့ ပေါင်းမယ်ထင်တယ် “
လက်လွတ်လိုက်ရတဲ့ ကလေးမြောက်ပိုင်းက ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က သိမ်းပိုက်ထားတဲ့ ရာဇဂြိုလ် ရာ (၁) ၊ရာ (၂) အကျဉ်းစခန်း၊ လက်ပံချောင်းရဲစခန်းနဲ့ ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကံကြီး၊ ကံသာယာ စစ်အုပ်စုစခန်းအပြင် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ သိမ်းပိုက်ထားတဲ့ နန်းစောင်းပု ကျေးရွာစစ်အုပ်စု စခန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ကလေး -တမူး လမ်းကလေးမြို့နဲ့ မိုင် ၆၀ ခန့် ကွာဝေးတဲ့ စော်ဘွားရေရှင်ကျေးရွာမှာ တပ်စွဲထားပြီးတော့ ကလေးမြောက်ပိုင်း ကျေးရွာတွေကို တပ်ဖြန့်ကာ ရာဇဂြိုလ် ကျေးရွာမှတဆင့် မြစိမ်း၊ လက်ပံချောင်းနဲ့ မော်စီ ကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။
အဲဒီစစ်အုပ်စု စစ်ကြောင်းတွေက နေအိမ်တွေကို ဖောက်ထွင်းကာ ကျေးရွာတွေကို မီးရှို့ ဖျက်စီးနေတယ်လို့ ကလေးမြို့နယ် လူသားစာနာတာဝန်ခံ ဦးအောင်ဇော်ထွန်းက ပြောပါတယ်။
“လက်ပံချောင်းကို ဒီမနက် ၁၀ နာရီမှာ ဝင်တယ်။ လက်ပံချောင်းရွာကို မီးရှို့ သွားတယ်။ အခုကတော့ မော်စီရောက်သွားပြီလို့တော့ ခန့်မှန်းရတယ်”
စစ်အုပ်စုစစ်ကြောင်းတွေ ဝင်ရောက်လာတဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ကလည်း ကျေးရာတွေအတွင်းက ဒေသခံ လူငယ်ရှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ဓါးစားခံအဖြစ် ဖမ်းဆီးခံရသူတွေလဲ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ကလေး -တမူး (အာရှလမ်းမကြီး) ကနေတဆင့် တမူးဘက်ကို ဦးတည် စစ်ကြောင်းထိုးနေတာ မတွေ့ ရသေးဘဲ ကလေးမြို့နဲ့ မိုင် ၄၀ ခန့် ကွာဝေးတဲ့ မကွေး -ကလေးနယ်စပ်၊ ကလေး -ဂန့်ဂေါလမ်းပေါ်က မှန်တောကျေးရွာအနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက ကလေးမြို့က တောင် -မြောက် ဝိုင်း စစ်ကြောင်းထိုးနေတဲ့ အခြေ အနေ ရှိတယ်၊တမူးက တော့ ရှေ့ဆက်မတိုးဖို့ တော်လှန်ရေးအဖွဲက တွေက ကာထားတယ်။ကလေးတောင်ပိုင်းကတော့မှန်တောက ပေးလိုက်ရပြီးတော့ တိုက်ပွဲက ပြင်းထန်နေတယ်။နှစ်ဘက် အကျအဆုံးရှိတယ်”
ဒီလို စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ကလေးမြို့နယ် မြောက်ပိုင်းမှာ ရှိတဲ့ ရာဇဂြိုလ် ၊မြစိမ်း ၊မြလင်း ၊လက်ပံချောင်း ၊ပြည်တော်သာ ၊ပျဉ်းခုံကြီး ၊ပျဉ်းတောဦး ၊မောက်လင်း ၊လက်ပံချောင်း ၊နန်းစောင်းပု ၊ကံကြီး ၊ကံသာယာ ၊ ၅၆ မိုင် ၊ရန်မျိုးအောင် ကျေးရွာ အပါအဝင် တမူး နယ်အတွင်းရှိ ခမ်းပတ်၊ဘုတ်ကန် ၊ကနန် ၊ကျွန်းတော ရှေရှင် ၊ဖက်ယား ရေရှင် ၊စော်ဘွား ၊ဝိတုတ် စတဲ့ ကျေးရွာပေါင်း ၅၀ ကျော်မှာ နေထိုင်တဲ့ ဒေသခံတွေဟာ တပတ်ကျော်အကြာ တောတောင်တွေအတွင်း ပုန်းခိုနေရတာကြောင့် ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးသူတစ်ဦးကပြောပါတယ်။
” ကလေး_ တမူးလမ်းက အားလုံးရှောင်ကြရတယ်၊အခုက မိုးတွေ ရွာနေတယ်။ကလေးတွေ လူကြီးတွေလဲ ဘာမယူနိူင်ဘဲ ပြေးလာကြရတယ်၊စာသင်ကျောင်းတွေလဲ လူတွေက ပြည့် ၊ဘုရားကျောင်းတွေလဲ လူတွေက ပြည့် ၊ဘယ်နေရာကို ထားရမယ် မသိဖြစ်နေတယ်။ ထမင်းက တချို့မိသားစုတွေ မစားကြရဘူး။ထမင်းက ချက်လို့ မရ။ မီးခိုးထွက်ရင် လက်နက်ကြီးနဲ့ထုမှာ ကြောက်လို့ “
စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ပြေးထွက်ပြေးတိမ်းရှောင် သူတွေထဲမှာ သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင် နာမကျန်းဖြစ်သူ ၃၀၀၀ ကျော်ခန့်ပါဝင်ပြီး ထမင်းချက်ပြုတ်လို့မရတာကြောင့် ထမင်းမစားရသူတွေလဲ ရှိနေတယ်လို့ မောက်လင်းကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
” မြစိမ်း စစ်ကြောင်းရောက်လာတယ်ဆိုလို့ ပြေးကြရတာ ၊နွားတွေ ၊ဝက်တွေ အကုန်လွတ်ထားခဲ့ရတာ ။ဘာမယူခဲ့နိုင်ဘူး။ကလေးတွေလဲ ဖျားကြတယ်၊ကျွန်မလည်း ဖျားတယ်။မိုးတွေက ရွာနဲ့ ထမင်းက ချက်လို့ မရဘူး၊ ဆိုင်တွေကလဲ ဘာမရှိဘူး၊အကုန်ပိတ်။ မနေ့က ဆို ထမင်းတောင် မစားကြရဘူး”
ကလေးမြို့နယ် အတွင်းမှာတော့ အာဏာသိမ်းလေးနှစ် ကျော်အတွင်း စစ်အုပ်စုသတ်ဖြတ်လို့ သေဆုံးသူ ၅၀၀ ကျော်နဲ့ စစ်အုပ်စု စစ်ကြောင်းထိုး ဝင်ရောက်စဉ်အတွင်း ဘာသာပေါင်းစုံ သာသနိကအဆောက်အဦး ၄၄ လုံး၊ မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၄၄ ရွာ၊ နေအိမ်ပေါင်း ၆၂၅၀ လုံးရှိတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ ကောက်ယူထားတဲ့ အချက်အလတ်တွေမှာ တွေ့ရပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



