စစ်ကိုင်းသတင်း

ဆားလင်းကြီးမှာ စစ်အုပ်စုလက်ချက်နဲ့ နှစ်ရက်အတွင်း ဒေသခံ လေးဦးသေ သုံးဦးဒဏ်ရာပြင်းထန်

အီသာရမ်/MFP ၊အောက်တိုဘာ-၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာနဲ့ လေကြောင်းပစ်ခတ်တာတွေကြောင့် နှစ်ရက်အတွင်း ဒေသခံလေးဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က မုံရွာမြို့ကနေ ဆားလင်းကြီးနယ် မြောက်ခြမ်းကို ခန့်မှန်းအင်အား ၄၀၀ ခန့်ပါတဲ့ စစ်ကြောင်းက ရွာသစ်ကျေးရွာကိုဝင်ရောက်စီးနင်းပြီးနောက် ပြည်သူအမျိုးသားသုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားသလို ၂၀ ရက်နေ့မှာတော့ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စက်တပ်လေထီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ အသက် ၃၀ ကျော်အရွယ်တွေ ဖြစ်တဲ့ ဒေသခံအမျိုးသားလေးဦးဖြစ်ပြီး နောက်ထပ်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဥိးတို့လည်း ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုစစ်ကြောင်းဟာ ရွာသစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံအမျိုးသားသုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်ထဲပုန်းနေတာကို ချောင်းကြည့်တာမြင်သွားလို့ လည်ပင်းကို ဓားနဲ့လှီးသွားတာ၊ ရွာသစ်ကို ၁၉ ရက်နေ့က စထိုးတာ ၊စစ်ကြောင်းစဝင်တာက ၁၈ ရက်နေ့ကတည်းက စထိုးတာ အဲဒီနေ့က တုံရွာမှာပဲ”

စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ဆားလင်းကြီးနယ်မြောက်ခြမ်းက ကျေးရွာ ၁၀ ရွာခန့်က ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရသလို နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဆိုပါတယ်။

တစ်ဆက်ထဲမှာပဲ ဆားလင်းကြီးနယ်မြောက်ခြမ်းကို စစ်အုပ်စုစစ်ကြောင်းထိုးနေတာကြောင့် ဆားလင်းကြီးနယ်က ကျေးရွာတွေကို လေကြောင်းကနေ ပါရာမော်တာ ဂျိုင်ရိုကော်ပတာတွေနဲ့ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

အာဏာသိမ်းလေးနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ငါးထောင်ကျော် (၅၃၀၄ ဦး) ရှိခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၇၈၈ ဦး) ရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (Data for Myanmar) က မတ်လ ၁၂ နေ့က ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button