ကိုသူ/MFP ၊အောက်တိုဘာ-၂၁
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်အုပ်စုတပ်တွေက နှစ်ရက်အတွင်း ဒေသခံအမျိုးသား ၁၈ ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေကတော့ ရာဇဂြိုလ်ကျေးရွာက အမျိုးသား ၁၀ဦးနဲ့ ခုံသာကျေးရွာက အမျိုးသား ရှစ်ဦးဖြစ်ပြီးတော့ စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ မှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” ရာဇဂြိုလ်က ကနဦးသိရတာက ၁၀ ယောက်လို့ သိရတယ်။ ခုံသာက တော့ ရှစ်ယောက် “
သေဆုံးသူတွေဟာ စစ်အုပ်စုတပ်က ရာဇဂြိုလ်ကျေးရွာနဲ့ ခုံသာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ဖမ်းဆီးသတ်ဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စု စစ်ကြောင်းတွေကြောင့် အလောင်းတွေကို မကောက်ယူနိုင်သေးသလို သေဆုံးသူတွေရဲ့ နာမည်တွေကိုလည်း အတည်မပြုနိုင်သေးဘူးလို့ ရန်မျိုးအောင်ကျေးရွာ မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရာဇဂြိုလ်က အလောင်းတွေက မကောက်ရဲကြဘူး။ စစ်တပ်က ရှိနေတော့ သေတာက ၁၀ ယောက်ထက်တောင် များနိုင်တယ်ဗျ “
လက်ရှိအချိန်မှာ တော့ စစ်အုပ်စု စစ်ကြောင်းတွေက ရာဇဂြိုလ် ကျေးရွာ ၊စော်ဘွားရှေရှင် ၊ဆည်ကြီး ကျေးရွာအနီးမှာ တပ်စွဲထားပြီးတော့ ရွှေ့လျားစစ်ကြောင်း (၃၀၀) ခန့်က လက်ပံချောင်း ၊ပြည်တော်သာ ၊မော်စီ ကျေးရွာကို စီးနင်းဝင်ရောက်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကြောင်းတွေ ဝင်ရောက်နေတာကြောင့် ကလေး -တမူး လမ်းမကြီးဘေးကလေးမြို့နယ် အတွင်းမှာ တည်ရှိတဲ့ နန်းဟံနွဲ့ ၊ကံကြီး ၊ကံသာယာ ၊နန်းစောင်းပု ၊မော်လိုက် ကလေး ရွာ သစ်၊၅၆ မိုင်၊ကြံစက်ကုန်း ၊ကြက်ဖနက် ၊ရန်မျိုးအောင်၊စော်ဘွားရေရှင် ၊ရာဇဂြိူလ် ၊မြစိမ်း ၊မြလင်း ၊လက်ပံချောင်း ၊ပျဉ်းတောဦး၊ပြည်တော်သာ ၊မော်စီ ၊ပျဉ်းခုံကြီး ကျေးရွာတွေနဲ့ တမူးမြို့နယ် အတွင်းက ဖက်ယားရေရှင် ၊ကျွန်းတော ရှေရှင် ၊ဘုတ်ကန် ၊ကနန် ၊ဝိတုတ် ၊ခမ်းပတ် ၊ရန်ငြိမ်းအောင် စတဲ့ ကျေးရွာ က ဒေသခံ (၂၅၀၀၀) နှစ်သောင်း ငါးထောင်ကျော်တပတ်ကျော် တောတောင်အတွင်း တိမ်းရှောင်နေကြရတာ ကြောင့် ဆေးဝါးနဲ့ အစားအသောက်တွေ ပြတ်လပ်နေတယ်လို့ စစ်ရှောင်အကူအညီပေးနေသူတွေက ပြောပါတယ်။
ကလေးမြို့ လူထု သပိတ်ဦးဆောင်သူတွေရဲ့ ကောက်ယူထားတဲ့ အချက်အလတ်တွေအရ အာဏာသိမ်းလေးနှစ် ကျော်အတွင်း စစ်အုပ်စုသတ်ဖြတ်လို့ သေဆုံးသူ ၅၀၀ ကျော်နဲ့ စစ်အုပ်စု စစ်ကြောင်းထိုး ဝင်ရောက်စဉ်အတွင်း ဘာသာပေါင်းစုံ သာသနိကအဆောက်အဦး ၄၄ လုံး၊ မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၄၄ ရွာ၊ နေအိမ်ပေါင်း ၆၂၅၀ လုံးရှိတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ ကောက်ယူထားတဲ့ အချက်အလတ်တွေမှာ တွေ့ရပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



