မန္တလေးသတင်း

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို သုံးလကြာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်လို့ ရှေ့ဆက်မတိုးနိုင်ဘဲ အထိနာဆုတ်ပြေးနေရ

MN/MFP ၊ အောက်တိုဘာ – ၃၀

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ဖို့ သုံးလနီးပါး စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး ရှေ့တိုးလာတဲ့ စစ်အုပ်စုတွေ အထိနာလို့ မကြာခဏပြန်ဆုတ်ပြေးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ကာ မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ ပျူတွေ စစ်ကြောင်းထိုး မီးရှို့ကာ နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာဖြစ်ပြီး လက်ရှိမှာ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

“တိုက်ပွဲကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ခဲ့သေးတယ်။ သူတို့အထိနာပြီးတော့ ပြန်ဆုတ်ပြေးသွားတာ။ နွားထိုး-မြင်းခြံ လမ်းပိုင်းပေါ်မှာ သူတို့(စစ်အုပ်စု)ရှိနေသေးတယ်။ ရှေ့တိုးလာလိုက် အထိနာတော့ နောက်ပြန်ဆုတ်ပြေးသွားလိုက်နဲ့ ဖြစ်နေတာ။ အခု သူတို့တွေ အင်အားတွေထပ်တိုးထားတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်မဲ့ သဘောရှိတယ်”

အောက်တိုဘာ ၂၈ ရက်က မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့သီတာယုမွန်ဦးဆောင်တဲ့ပျူစောထီး စစ်ကြောင်းဟာ တော်လှန်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နွားထိုးကြီးနယ်ထဲက ကံရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ စစ်အုပ်စုက အထိနာပြီး ဆိုင်ကယ်တွေနဲ့ ပြန်ဆုတ်ပြေးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကလည်း မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းပေါ်မှာ မောင်းနှင်လာတဲ့ စစ်အုပ်စုနဲ့ ပျူတွေပါတဲ့ ကားသုံးစီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိနာဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး Jamper ကားတစ်စီးနဲ့ သေနတ် သုံးလက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

လက်ရှိ တိုက်ပွဲတွေမှာအထိနာနေနတဲ့ စစ်အုပ်စုက မြင်းခြံ-နွားထိုးလမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ဖို့ မနေ့က အောက်တိုဘာ ၂၉ ရက်မှာ မြင်းခြံမြို့ စစ်အုပ်စု အမှတ် -၁၅ ခြေမြန်တပ်ရင်းကနေ အင်အား ၂၀၀ ကျော် ထပ်ဖြည့်ခဲ့ပြီး ဒီကနေ့မှာတော့ ကျေးရွာတွေကို လေကြောင်းက ဗုံးလာကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က MFP ကို ဆက်ပြောပါတယ်။

“အခုလေးတင် မကြာသေးဘူး စက်တပ်လေထီးနဲ့ ဆေးထိုးရွာ စာသင်ကျောင်းပေါ်ကို ဗုံးသီးတွေချသွားတာ။ အထိခိုက်ကတော့ မသိရသေးဘူး။ အခုလည်း ဖိုက်တာတစ်စင်း ထပ်ဝဲနေပြန်ပြီ။ ဘယ်မှာထပ်ကြဲဦးမလဲမသိသေးဘူး”

စစ်အုပ်စုက မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုး မီးရှို့နေတာဖြစ်သလို ဒီကနေ့ အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို လေကြောင်းက ဆက်တိုက်ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်ထဲမှာ စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အခုလအတွင်းမှာ ဒေသခံ ငါးဦးသေဆုံးခဲ့သလို စစ်အုပ်စု စစ်ကြောင်းက ဖမ်းဆီးပစ်သတ်ခဲ့တာကြောင့် နွားထိုးကြီးနယ် တောင်ခြမ်း ထနောင်းပင်လဲရွာက ဒေသခံ သုံးဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

နွားထိုးကြီးမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို ပြီးခဲ့တဲ့ စက်တင်ဘာလကနေ အောက်တိုဘာအတွင်းမှာလည်း ကျေးရွာတွေက အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုဘက်က ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်အပါဝင် ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး သုံ့ပန်းလေးဦး အပါဝင် လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံနဲ့ နွားထိုးကြီးနယ်ထဲမှာ စစ်အုပ်စုနဲ့ပျူတွေ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာစတဲ့ အကူညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေ စတင် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာကြောင့် သုံးလအတွင်းမှာ ရွာပေါင်း ၁၀ ရွာကျော်က စုစုပေါင်းအိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပျက်စီးပြီး ဒေသခံ ၃၀ထက်မနည်း ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button