ကန့်ဘလူမှာ တစ်လအတွင်း စစ်အုပ်စုကပြည်သူ ၈၀ ကျော်ပေါ်တာဆွဲကာ အမျိုးသမီးနှစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်
အီသာရမ်/MFP ၊ နိုဝင်ဘာ – ၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်ထဲမှာ အောက်တိုဘာတစ်လအတွင်းမှာ စစ်အုပ်စုက အရပ်သားပြည်သူ ၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးကာ အမျိုးသမီးနှစ်ဦးကိုလည်း အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ မြေပြင်အခြေအနေကို စုစည်းတင်ပြနေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က MFP ကို အတည်ပြုပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်က ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ထန်းတပင်ကျေးရွာက ပြည်သူ ၂၉ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်ပြီး အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မကျင့်ကာ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ထန်းတပင်ရွာက ဇီးကုန်းသကြားစက်က စစ်ကြောင်းထွက်ပြီးဆွဲတာပါ၊ အမျိုးသမီးတစ်ယောက်ကိုတော့ သတ်ခဲ့တယ်ပေါ့နော် ပြီးရင် မီးရှို့ခဲ့တာဆိုတော့ မုဒိန်းကျင့်ပြီးမှ မီးရှို့ခဲ့တာလား အရှင်လက်လက်ပဲ မီးရှို့ခဲ့တာလားဆိုတာတော့ အတည်ပြုလို့မရပါဘူး။ ဖမ်းခံရတာက အမျိုးသားချည်းပဲ ၂၉ ယောက် လူငယ်နဲ့လူလတ်ပိုင်းတွေချည်းပဲ”
ထန်းတပင်ကျေးရွာက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံအမျိုးသား ၂၉ ဦးကို ကန့်ဘလူနယ်ကတဆင့် Mi-17 ရဟတ်ယာဉ်နဲ့ စစ်သင်တန်းပေးဖို့ မုံရွာမြို့ပေါ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့မှာလည်း ဇီးကုန်းကျေးရွာက အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၉ ဦးတို့ကို ထပ်မံဖမ်းဆီးခဲ့ပြီး ဒီနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မတွေ့ရဘူးလို့ ပြောပါတယ်။
ကန့်ဘလူနယ်က လက်နက်ကိုင်ပျူစောထီးခေါင်ဆောင် ဘုန်းကြီးဦးဝါသဝရဲ့ ပျူစောထီးတွေအထိုင်ချထားတဲ့ စံပယ်နံသာပျူစောထီးဂိတ်စခန်းကလည်း အောက်တိုဘာလ ၁၄ ရက်နေ့မှာ ခရီးသွားပြည်သူတွေအထဲက အမျိုးသား ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းလိုက်တယ်လို့ဆိုပါတယ်။
အဲဒီ စံပယ်နံသာပျူစောထီးဂိတ်စခန်းကပဲ အောက်တိုဘာလ ၁၆ ရက်နေ့က ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းကျေးရွာကနေ တန့်ဆည်ကို ကထိန်ခင်းသွားမဲ့ လင်မယားနှစ်ယောက်ကို ဖမ်းဆီးကာ အမျိုးသမီးဖြစ်သူကို အဓမ္မကျင့်သတ်ဖြတ်ပြီး လက်ဝတ်လက်စားတွေကို ယူဆောင်ထားလိုက်တယ်လို့ နှိပ်စက်ခံဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသားဖြစ်သူက MFPကို ဖြေဆိုထားပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ကောလင်းမြို့နယ် ပေကုန်းကျေးရွာဒေသခံ အသက် ၁၆ နှစ်အရွယ် ပြည်သူအမျိုးသမီးနှစ်ဦးက စံပါယ်နံသာပျူစောထီးဂိတ်စခန်းမှာ ဖမ်းဆီးခံရပြီး တစ်ဦးထွက်ပြေးလွတ်မြောက်လာခဲ့သလို နောက်ထပ်တစ်ဦးကလည်း ဘုန်းကြီးတစ်ပါး အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။
စံပါယ်နံသာပျူစောထီးဂိတ်စခန်းက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ အထိုင်ချထားတာဖြစ်ပြီး ခရီးသွားပြည်သူအမျိုးသားတွေကို ဖမ်းဆီးတာနဲ့အမျိုးသမီးတွေကို ဖမ်းဆီးအဓမ္မပြုကျင့်တာတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ခရီးသွားပြည်သူတွေကို သတိထားသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးနေကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



