ကန့်ဘလူမြို့နယ်မှာ အခွန်တော်အရာရှိအပါဝင် ခုနစ်ဦးကို ငွေကြေးအလွဲသုံးစားမှုနဲ့ ပအဖ ဖမ်းဆီးစစ်ဆေးနေ
မယ်ပ/MFP၊ နိုဝင်ဘာ – ၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက အခွန်တော်အရာရှိ မြင့်ကျော် (ခ) အာခိုင်အပါအဝင် အဖွဲ့ဝင်စုစုပေါင်း ခုနစ်ဦးကို စစ်အုပ်စုဆက်သွယ်မှုတွေအပါအဝင် ငွေကြေးအလွဲသုံးစားမှု စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ငွေကြေးအလွဲသုံးစားမှု၊ စစ်အုပ်စုထံ ပက်သက်ဆက်နွယ်မှုနဲ့ အာဏာအလွဲသုံးစားပြုလုပ်မှု စွဲချက်တွေ ကန့်ဘလူမြို့နယ်ပအဖက အောက်တိုဘာလ ၁၂ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အရင်ပအဖတာဝန်ခံ ကိုမဲခေါင် လက်ထပ်ကစပြီး ၂၀၂၅ခုနှစ် ၉ လပိုင်းအထိ မြို့နယ်မှာ ကောက်ခံရရှိတဲ့ အခွန်ချလံတွေကို လစဥ်ပြန်ပြင်တာ လုပ်ခဲ့တယ်။ အဲဒီလိုလုပ်ရာမှာ မြို့နယ်ပအဖ တံဆိပ်စည်း အတုနဲ့ အခွန်ချလံတွေတွေ လစဥ်အသစ်ပြန်ရေးတယ်။ နောက် အခွန်ဂိတ်မှာ တရားဝင်မဆောင်ခိုင်းဘဲ အောက်လမ်းနဲ့ အိပ်ထဲထည့်တာတွေ စစ်ဆေးပေါ်ပေါက်ထားပါတယ်။ သက်သေခံပစ္စည်း အခွန်ချလံတွေကို လစဥ်မီးရှို့ကြတယ်။ ၁၂ ရက်နေ့ ထိန်းသိမ်းတဲ့နေ့က မြို့နယ်ပအဖ စည်းတံဆိပ်အတုကို အခွန်စာရေးမက အိမ်သာထဲပစ်ချခဲ့တာ ပြန်ရှာဖွေခဲ့ပြီး သက်သေအနေနဲ့ တင်ထားပါတယ် ။
စကစ ဗိုလ်ကတော်တွေ CDM အလုပ်တဲ့ ရဲတွေနဲ့ ဆက်သွယ်ထားတာတွေရှိတယ်။ အဲဒီဗိုလ်ကတော်တွေက အခွန်ငွေတွေ လိမ်လည်ရယူသွားတာတွေရှိပါတယ်။ နောက်ပြီး အလွဲသုံးစားလုက်တဲ့ငွေတွေကို မြစ်ကြီးနားပို့ အိမ်ဆောက်တာတွေ စစ်ဆေးတွေ့ရှိထားတာရှိပါတယ်” လို့ ကန့်ဘလူပအဖ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
မြို့နယ်ပအဖတံဆိပ်စည်းအတုပြုလုပ်မှု၊ သက်သေခံပစ္စည်းတွေ ဖျောက်ဖျက်မှုနဲ့ စစ်အုပ်စုထောက်တိုင်တွေနဲ့ ဆက်သွယ်မှုစတဲ့ ပြစ်မှုတွေအတွက် စစ်ဆေးခဲ့တာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေးတာဝန်ရှိသူတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေအကြား ညှိနှိုင်းမှုနဲ့ ဖမ်းဆီးလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ရရှိထားတဲ့ အထောက်အထားတွေ အပေါ်မူတည်ပြီး အရပ်ဘက်တရားစီရင်ရေးအဖွဲ့ကို လွှဲပြောင်းအရေးယူ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ကန့်ဘလူမြို့နယ် ပအဖအနေနဲ့ အမှုအခြေအနေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ တင်ပြထားပြီး၊ အရပ်ဘက်
တရားစီရင်ရေးစနစ်အတိုင်း လိုက်နာမှုမရှိတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုကော်မတီကနေ သတိပေးစာ ထုတ်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကန့်ဘလူနယ်တွင်းမှာ ပြည်သူ့ဘဏ္ဍာငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဆက်လက် ကျိုးပမ်းဆောင်ရွက်နေတယ်လို့ ပအဖရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



