နန်းယု/MFP၊နိုဝင်ဘာ -၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက မောက္ကဒီးရွာနဲ့ ရွာသာကြီးတို့ကို စစ်အုပ်စုက နိုဝင်ဘာလ ၃ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံလေးဆယ်ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Wetlet Informational Network က ထုတ်ပြန်ပါတယ်။
ဝက်လက်မြို့နယ်အနောက်ခြမ်းက ရွာသာကြီးရွာအတွင်းရောက်ရှိနေတဲ့ စစ်အုပ်စုထဲက အင်အား ၅၀ ကျော်ခန့်ဟာ မောက္ကဒီးရွာကို စစ်ကြောင်းထိုး စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံ လေးဆယ်ကျော်ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကြောင်းနဲ့အတူ လှည်းဦးကြီးကုန်းရွာကို ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ Wetlet Informational Network ရဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
” ရွာခံတွေက မောက္ကဒီးရွာထဲက ပြည်သူတွေပါဗျ။ မနက် ၆နာရီ ၄၀လောက်က ဝင်လို့မို့ မသိလို့ ဖမ်းခံရတာလို့ သိရပါတယ်ဗျ”
ဖမ်းဆီးခံရသူတွေအထဲမှာ ကျန်းမာရေးမကောင်းတဲ့ အသက်အရွယ်ကြီးသူတွေနဲ့ အမျိုးသမီးငယ်တွေ၊ ကလေးမိခင်တွေအပြင် အမျိုးသားတွေလည်း ပါဝင်ပြီး အများစုဟာ စစ်ကြောင်းဝင်လာချိန်မှာ ရှောင်တိမ်းချိန် မရတာကြောင့် ဖမ်းဆီးခံလိုက်ရတာလို့ သူကဆိုပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံတွေနဲ့ ပတ်သတ်ပြီး MFPအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို အသေးစိတ် သိရဖို့အတွက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ သာမန်လက်လုပ်လက်စား ဒေသခံတွေဖြစ်တာကြောင့် စစ်အုပ်စုအနေနဲ့ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုစစ်ကြောင်းက သူတို့အထိုင်ချတပ်စွဲထားတဲ့ ရွာသာကြီးရွာထဲကို ပြန်လည်ဝင်ရောက်သွားပြီး ဓားစာခံအဖြစ်ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုပါ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူ ၂၉,၉၀၇ ဦး ဖမ်းဆီးခံထားရကာ ၇,၄၃၈ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ နိုဝင်ဘာလ ၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝက်လက်နယ် တမာကန်ရွာကို အောက်တိုဘာလက စစ်အုပ်စုဝင်ရောက် မီးရှို့ခဲ့ပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



