ကိုသူ /MFP၊နိုဝင်ဘာ – ၅
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဖောင်းပြင်မြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၂ ရက်က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်ပြည့်သူအုပ်ချုပ်ရေး (ပအဖ)တာဝန်ခံတစ်ဦးကို တာဝန်က ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
တာဝန်ရပ်ဆိုင်းခံရသူဟာ ဖောင်းပြင်မြို့နယ် ပြည့်သူအုပ်ချုပ်ရေး(ပအဖ)တာဝန်ခံ ဦးပြုံးချို (ခ) ဒေါင်းမင်းဖြစ်ပြီး NUGရဲ့ပြည်ထဲရေးဝန်ကြီးဌာန ဗဟိုညွှန်ကြားချက်နဲ့ တာဝန်ကရပ်နားလိုက်တာလို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဦးလွင်ကိုလတ် လတ်မှတ်နဲ့ ထုတ်လိုက်တာလို့ သိရတယ်”
ဦးပြုံးချိုကို တာဝန်ကရပ်နားလိုက်တာဟာ တာဝန်ပျက်ကွက်တာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် ရပ်နားလိုက်တာဖြစ်ပြီး လစ်လပ်သွားတဲ့ မြို့နယ်အုပ်ချုပ်ရေးအတွက် အရေးပေါ်အုပ်ချုပ်ရေးဖွဲ့ကာ အမျိုးသားညီညွှတ်ရေးအစိုးရ(ဗဟို)က တိုက်ရိုက်ကွပ်ကဲ တာဝန်ယူနေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကိုပြုံးချိုက (၈၈) မျိုးဆက်လဲ ဖြစ်တယ်။ NLD မှာလဲ မြို့နယ် ဒုဉက္ကဌ နဲ့ အရင်က တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ သူက မလုပ်မရှုပ် မပြုတ်ကြီး အစည်းအဝေးတွေမှာ ခေါင်းငြိမ့်တာတွေ လောက်
လုပ်တာ တာဝန်ယူတာဝန်ခံ ဖြေရှင်းတာကတော့ ရှားတယ်။ အစည်းအဝေးဆို ခွဲတမ်းရရင် အထုပ်ပိုက် အိတ်ပြန်သွားပြီး အေးဆေးနေတာ၊ တိုင်ခံရတာက ကြာပြီ၊ အခုမှ အရေးယူခံလိုက်ရတာ “
တာဝန်က ရပ်နားခံလိုက်ရတဲ့ ဦးပြုံးချိုကိုတော့ MFP အနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းအတွင်းက NUG လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကလေးခရိုင်ရဲတပ်ဖွဲ့ -ရဲအုပ် တာဝန်ခံတစ်ဦးနဲ့ မြို့နယ် ပြည့်သူအုပ်ချုပ်ရေး (ပအဖ) တာဝန်ခံတစ်ဦးတို့ကို တာဝန်က ရပ်နားခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၇ ရက် နေ့မှာလည်း လဘ်စားမှုနဲ့ကနီမြို့နယ် တရားသူကြီးအဖွဲ့ ဥက္ကဌ ဒေါ်ပန်ထွာနဲ့မြို့နယ် တရားသူကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဂဠုန်၊ ဦးဇာမဏီနဲ့ ဦးပင်လုံတို့ လေးဦးတာဝန်က ရပ်နားထားသလို ဇူလိုင် ၂၉ရက် နေ့မှာလဲ ကနီမြို့နယ်စွမ်းအင်ဝန်ကြီးဌာနက မြို့နယ်တာဝန်ခံတစ်ဦးကိုလည်း တာဝန်က ရပ်နားထားခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



