စစ်ကိုင်း

ချင်ညီနောင် သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို စစ်အုပ်စုတပ် ဖြတ်လမ်းကတဆင့် ဦးတည်စစ်ကြောင်းထိုး

ကိုသူ /MFP၊ နိုဝင်ဘာ – ၆

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကနေ ကလေး – ဂန့်ဂေါ လမ်းမကြီးအတိုင်း တပတ်ကျော်အကြာ စစ်ကြောင်းထိုးဝင်ရောက် နေတဲ့ စစ်အုပ်စုတပ်က ကလေး – နတ်ချောင်း – နတ်မြောင်း -ချောင်းခွ – ရေစို – ဝေဘူလမြို့ကို ဖြတ်ကာ ဖလမ်းမြို့ ကို ဦးတည် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

စစ်အုပ်စုတပ်တွေက ကလေးမြို့နယ်တောင်ပိုင်းက စစ်အုပ်စု အထိုင်ချတပ်စွဲထားတဲ့ နည်းပညာတက္ကသိုလ်ကနေ (ကလေး-ဂန့် ဂေါ) လမ်းမကြီးအတိုင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ စီးနင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးရာ တစ်လျှောက်က သာယာကုန်း – ထောက်ကြ့့န့်ကြာအင်း – နတ်မြောင်း- နတ်ချောင်း -ချောင်းခွ စတဲ့ ကျေးရွာတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီး ဖောက်ထွင်းခိုးယူကာ ဖလမ်းမြို့နယ်ကို ဦးတည် စစ်ကြောင်းထိုးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“နတ်ချောင်းထိုးတဲ့ စစ်ကြောင်းက နတ်ချောင်းကနေ ဖြတ်ပြီး ချောင်းခွရွာဝင်တယ်။ ချောင်းခွကနေ ဟားခါးလေး၊ ရေစိုထိုးတာ အဲ့ဒီကနေ ဖလမ်းမြို့နယ် ဝေဘူလစစ်ကြောင်း ရောက်သွားပြီ “

စစ်ကြောင်းထိုးရာတစ်လျှောက်က ထောက်ကြန့် ၊ကြာအင်း ၊နတ်မြောင်း ၊နတ်ချောင်း ၊ကျွန်းချောင်း ၊ချောင်းခွ ၊ဟားခါးလေး ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံ ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

စစ်အုပ်စုတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာဟာ ချင်းပြည်နယ်ဝင်‌ပေါက် လမ်းမကြီးတွေအထဲက အတိုဆုံးလမ်းဖြစ်တဲ့ ကလေး-နတ်ချောင်း – ချောင်းခွ၊ ဟားခါးလေး – ရေစို – ဝေဘူလ-ဖလမ်းသွားရာလမ်းမကြီးကို အသုံးပြုလာတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့နယ်က ကျေးရွာကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ချင်းဘက်ကိုဝင်မဲ့ လမ်းက အဓိကလမ်းတွေကတော့ ကလေး -တီးတိန်-ဖလမ်း လမ်းပေါ့၊ ဒါက ဖလမ်းနဲ့ ကလေးက မိုင် ၈၀ နဲ့ ၉၀ ကြားဝေးတယ်။ကလေး-နတ်ချောင်း- ဝေဘူလကနေ သွားရင် ဖလမ်းရောက်ဖို့ ကမိုင် ၃၀ နဲ့ ၄၀ ကြားဝေးတယ်။ ဒါက ဖလမ်းအောက်က တံတားရောက်သွားတာ။ ခရီးတိုတယ် ။ဒါကြောင့် ချင်းပြည်ကို ဒီဘက်ကနေ ပတ်စစ်ကြောင်းထိုးလာတာ၊ ဒီလို စစ်ကြောင်းထိုးတာက ဖလမ်းကို တက်ချင်လဲတက်လို့ ရတယ်။ ဒါ့မှမဟုတ်ရင်လဲ တီးတိန်ကို အဲ့ဒီလမ်းကြောင်းကနေ စစ်ကူလို့ ရတယ်”

ဒါ့အပြင် တီးတိန်မြို့နယ် ကလေး- တီးတိန်လမ်းမကြီးတလျှောက်မှာလည်း အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၆ ရက် ဒီနေ့အထိ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ တပတ်ကျော်တိုက်ပွဲ ပြင်းထန်နေပြီးတော့ စစ်အုပ်စုတပ်တွေက တီးတိန်မြို့ ပေါ်ကို ရဟတ်ယာဉ် အသုံးပြုပြီး လက်နက်နဲ့ရိက္ခာ ပို့ဆောင်ပေးနေတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တီးတိန်ဘက်ကတော့ တိုက်ပွဲက ဖြစ်နေတယ်။ လေကြောင်းနဲ့ လက်နက်တွေ ရိက္ခာတွေ လာချတယ်။ တိုက်ပွဲက အခုထိ ဖြစ်နေပါတယ်”

ချင်းပြည်နယ်မှာ ဖလမ်းမြို့အပါအဝင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား မြို့တွေကို တော့ ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊ခိုင်ကမ်း၊တီးတိန်မြို့ လေးခုမှာသာ စစ်အုပ်စု စခန်းကျန်ရှိတော့ တာဖြစ်ပြီးတော့ ချင်းပြည်တစ်ဝှမ်း စစ်အုပ်စုကင်းစင်ရေး အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ချင်းပြည် တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ဖော် ပြောဆိုပါထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button