ကိုသူ /MFP၊ နိုဝင်ဘာ – ၆
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ နိုဝင်ဘာ ၆ ရက် ဒီနေ့မနက်ပိုင်းမှာ အင်အား ၁၅ ဦးခန့်အထိုင်ချထားတဲ့ အမှတ် -၂ စစ်အုပ်စုစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး အင်အားစုတွေက စီးနင်းဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စုတစ်ဦး ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အရာတော်မြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာ ၆ ရက်နေ့မှာ အရာတော်မြို့ မြောက်ဘက်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အနီးမှာရှိတဲ့ စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို အလစ်အငိုက် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည့်သူ့ ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“တန်ဆောင်မုန်းလပြည့် ညမှာ စီးနင်းတိုက်ခိုက်ခဲ့တာပါ၊ ကြာချိန်က တော့ မိနစ် နှစ်ဆယ်လောက်ကြာပါတယ်။ဆေးရုံတင်ထားသူ တစ်ဦးလို့ ကြားရတယ် “
ဒီတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပကဖရဲဘော်မိုက်တီး ဦးစီးပြီးတော့ အရာတော်မြို့နယ်ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ကျားသစ်နက် – LDF ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုတပ်တွေက အရာတော်မြို့ပေါ်မှာ ရွှေးကောက်ပွဲအတွက် ပြင်ဆင်နေတာနဲ့ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတာကြောင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြည့်သူ့ကာကွယ်ရေး (ပကဖ)က”စကမ စခန်းအား ဝင်ရောက်ရှင်းလင်းရာ ၇.၆၂ -၅၁၁ တောင့်၊ ၅.၅၆-၄၀၀ တောင့်၊ Icon လေးလုံး၊ ပိုက်ဆံ = ၂၉၄,၆၀၀ကျပ်၊ စစ်သုံးခရာတစ်လုံး၊ ကျည်ကာဦးထုပ်တစ်လုံး၊ ခမောက်ဝိုင်း တစ်လုံး၊ စစ်သုံးလွယ်အိတ်လေးလုံး၊ ကပ်ကြေးတစ်လက်၊ ဓားတိုနနှစ်လက်၊ ဆိုင်ကယ်သုံးစီး၊ Equipment တစ်စုံနဲ့ အဝတ်အစားသုံးစုံ သိမ်းဆည်းရမိခဲ့ပါတယ်” လို ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



