စစ်ကိုင်းသတင်း

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစုလိုက် လုပ်ကြံခံရမှု တနှစ်ပြည့်ပေမယ့် အမှုမှန် မပေါ်သေး၊

ဘဦး/MFP၊ နိုဝင်ဘာ – ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကြားကာလ ပညာရေး တာဝန်ခံ ဆရာ ဦးဝင်းဌေးတို့ မိသားစုလိုက် လုပ်ကြံ သတ်ဖြတ်ခံရမှု နိုင်ဝင်ဘာ ၄ ရက်က တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပေမယ့် တရားခံ မပေါ်ပေါက်သေးဘူးလို့ ဒေသခံ သတင်းအရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အသက် ၄၀အရွယ် ဆရာဦးဝင်းဌေး၊ ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေနဲ့ လသားအရွယ် သမီးငယ် မရွှေဝတ်ရည်လွှာ တို့ မိသားစုဝင် သုံးဦးဟာ ၂၀၂၄ နိုဝင်ဘာ ၄ရက် ညပိုင်းက ကနီမြို့နယ် တပုန်းကျေးရွာ၊ နေအိမ်ထဲမှာပဲ လုပ်ကြံ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။

ကနီမြို့နယ် ပညာရေးတာဝန်ခံ မိသားစုလိုက် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး NUG ပြည်ထဲရေး ဝန်ကြီးဌာန – MOHAI က ယနေ့ချိန်ထိ တစုံတရာ တာဝန်ခံ ထုတ်ပြန်တာ မရှိသေးစလို အမှုမှန်ပေါ်အောင် ဆောင်ရွက်နိုင်တာ မရှိသေးတဲ့အတွက် တရားခံပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့ ဒေသခံတွေက အမှုတစ်နှစ်ပြည့်ဖြစ်တဲ့ ယမန်နေ့ နိုဝင်ဘာ ၄ရက်က တောင်းဆိုလှုပ်ရှားမူတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

​“တရားခံ မပေါ်ပေါက်သေးတဲ့အမှုတွေက နိုင်ငံတဝှမ်း ထုနဲ့ထေးနဲ့ပါ၊ အခုဟာက မဆိုင်တဲ့ ကလေးနဲ့ အမျိုးသမီးပါ သတ်ခံရတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုပါ၊ အမှုမှန် မပေါ်ပေါက်သေးတာဟာ ဘာကြောင့်လဲဆိုတာ ကျနော်တို့လည်း မသိဘူး” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဆရာဦးဝင်းဌေးတို့ မိသားစုလိုက် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က အမှုမှန်ပေါ်ဖို့ ဆောင်ရွက်နေပြီး အလောင်းကို ဆေးစစ်ချက်ယူတာတွေကိုတော့ အခင်းဖြစ်ပြီးနောက်ရက် နိုဝင်ဘာ ၅ရက် ညနေပိုင်းကတည်းက လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေးတို့ မိသားစုလိုက် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တရား မျှတမူ ရရှိရေး ကြိုးပမ်းမယ်လို့ NUG ပညာရေး ဝန်ကြီးဌာနက ၂၀၂၄ နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

“အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုး မဖက်ဘဲ ဆောင်ရွက်နေသူ ဆရာနှင့် သူ၏ မိသားစုအား ယခုကဲ့သို့ တရားလက်လွတ် ရက်ရက်စက်စက် မတရား သတ်ဖြတ်ခံရခြင်း အမှုနှင့် ပတ်သက်၍ မည်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ မည်သည့် အဖွဲ့အစည်း တစ်ခုခုက ဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး အသေးစိတ် မှတ်တမ်း တင်လျက် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှု ရရှိနိုင်ရန် ထိထိရောက်ရောက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိပြုပါသည်” လို့ NUG ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ဟာ မြို့ပေါ်ကလွဲလို့ ကျေးရွာတွေကို NUG ပသုံးလုံးက စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပြီး ယခု ၂၀၂၄ မတ်လဆန်းက ကနီမြို့ကို သိမ်းပိုက်နိုင်ရေး ယင်းမာပင်ခရိုင် တော်လှန်ရေး တပ်ပေါင်းစုက ၁၀ရက်ကျော်ကြာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပေမယ့် မြို့ကို အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ အဲ့ဒီ မြို့သိမ်းတိုက်ပွဲနောက်ပိုင်း စစ်အုပ်စုက ကနီမြို့ကို စီးနင်းထားကာ ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေပြီး စစ်အုပ်စု ရန်ကြောင့် မြို့ခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။

ယခု ၂၀၂၅ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း ကနီမြို့နယ် NUG အုပ်ချုပ်ရေးယန္တရားမှာ တာဝန် ထမ်းဆောင်ခဲ့သူတွေထဲက လူဦးရေ ၃၀ ကို အဂတိလိုက်စားမှုတွေနဲ့ ဖမ်းစီးထိမ်းသိမ်း စစ်ဆေးနေတယ်လို့ NUG က ဆိုပါတယ်။

မိသားစုလိုက် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ် NUG ပညာရေး ဘုတ်အဖွဲ့တာဝန်ခံ ဆရာ ဦးဝင်းဌေးတို့ မိသားစုကို တွေ့ရစဉ်/Photo – CJ

Related Articles

Back to top button