သတင်း

ရွှေဘို-မြစ်ကြီးနားလမ်းကို စစ်အုပ်စု ထိန်းချုပ်ပြီးနှစ်လကျော်အတွင်း ခရီးသွားပြည်သူ ၄၅ ဦး ဖမ်းဆီးခံထားရ၊

စစ်အုပ်စုက ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို အုပ်စုဖွဲ့လိင်ပိုင်းဆိုင်ရာ အဓမ္မကျုးလွန်ပြီးနောက် လက်စဖျောက်နေ

ဆောင်းနွေဦး/MFP ၊ နိုဝင်ဘာ – ၁၀

ရွှေဘို-မြစ်ကြီးနားလမ်းမကို ပြီးခဲ့တဲ့ ဩဂုတ်လမှာပဲ စစ်အုပ်စုထိန်းချုပ်ပြီးနောက် စစ်အုပ်စုနဲ့ပျုစောထီးတွေ အထိုင်ချထားတဲ့ စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကနေ ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းတစ်လျှောက်မှာရှိတဲ့ ခင်ဦးမြို့နယ်အစပ် ကန့်ဘလူမြို့နယ်ဝင်ပေါက်ကနေ ကျွန်းလှမြို့နယ်မရောက်ခင် စံပါယ်နံ့သာကြား မိုင် ၃၀ လောက်ရှိတဲ့ လမ်းကြောကို စစ်အုပ်စုက စိုးမိုးထိန်းချုပ်လိုက်တာကြောင့် ကန့်ဘလူမြို့နယ်က ရွှေဘို-မြစ်ကြီးနားလမ်းကြောတစ်ခုလုံးနီးပါးကို  စိုးမိုးသွားနိုင်တာလည်း ဖြစ်ပါတယ်။

စစ်အုပ်စု လမ်းပိုင်းဆိုင်ရာ စိုးမိုးထိန်းချုပ်ပြီးနောက်ပိုင်း ရွေဘို-မြစ်ကြီးနားလမ်းမှာ ဖြတ်သန်းသွားလာကြတဲ့ ဒေသခံတွေနဲ့ခရီသည်တွေကို ဆက်တိုက်ဖမ်းဆီးတာနဲ့  လိင်ပိုင်းဆိုင်ရှာကိစ္စတွေ ဆက်တိုက်ကျူးလွန်လာတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ အမျိုးသမီးနှစ်ဦး၊ ၁၃ ရက်နေ့မှာ အမျိုးသား ကိုးဦး၊ ၁၅ ရက်နေ့မှာ အမျိုးသား သုံးဦး၊ ၁၆ ရက်နေ့မှာ အမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦး၊ ၁၇ ရက်နေ့မှာ အမျိုးသား သုံးဦး၊ ၂၀ ရက်နေ့မှာ အမျိုးသမီး နှစ်ဦး၊ ၂၄ ရက်နေ့မှာ အမျိုးသား ၁၀ ဦး၊ ၂၉ ရက်နေ့မှာ အမျိုးသမီးတစ်ဦးနဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ အမျိုးသား ၁၃ ဦး စုစုပေါင်း  ၄၅ ဦးကို စစ်အုပ်စုရဲ့ စံပယ်နံသာစစ်ဆေးရေးဂိတ်က ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၁၀ဦးကတော့ စစ်သင်တန်းပေးဖို့ ကန့်ဘလူမြို့မှာ အခြေစိုက်ထားတဲ့ တင့်ကားတပ် တခရ- ၆၀၀၆ ကို ပို့ဆောင်ရာမှာ ယဉ်မောင်းဖြစ်သူ ပျုစောထီးကို တိုက်ခိုက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဘို-မြစ်ကြီးနာလမ်းပေါ် ကန့်ဘလူခရိုင်ထဲမှာတော့ ဘူးကုန်းလမ်းဆုံ၊ ဇီးကုန်းလမ်းဆုံ၊ ရမနေရွာ၊ ပေကြီးရွာ၊ ငပျောတိုင်းရွာသစ်၊ စပါယ်နံ့သာနဲ့ ဇင်း စတဲ့အထိုင်စခန်းတွေရှိတဲ့အထဲက တွေပါဗျ

ဒေသခံတွေနဲ့ ခရီးသည်တွေကို လူသတ်လက်စဖျောက်တာနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကို မလည်လမ်းဆုံစစ်ဆေးရေးဂိတ်နဲ့ ဇင်းအထိုင်ဂိတ်နဲ့ စံပယ်နံသာစစ်ဆေးရေးဂိတ်တွေက အဓိကလုပ်ဆောင်နေတာလို့ ကန့်ဘလူမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်အုပ်စုဂိတ်က မိန်းကလေးတွေဆိုရင် အဓမ္မကျင့်ပြီး သတ်ရုံတင်မကဘူး။ စခန်းထဲမှာ လိင်ကျွန်အဖြစ်ထားတဲ့ ပုံစံပါ ကြားရတယ်။ ခရီးသည်ကားတွေဆိုရင် ယောက်ကျာ်းလေးတွေကိုပဲ ဆွဲချပြီး ပေါ်တာဆွဲတယ်။ ဆိုင်ကယ်နဲ့သွားလာတဲ့ ဒေသခံတွေဆိုရင်တော့ အမျိုးသမီးတွေဆို အဓမ္မကျင့်သတ်ဖြတ်တယ်။ စံပယ်နံသာဂိတ်ပ အဆိုးဆုံးပဲ။ ဒါကကျွန်တော်တို့ သိသလောက်စာရင်းပါ။ လူမသိသူမသိ လက်စဖျောက်ခံရတာ ဘယ်လောက်တောင်များမလဲ မသိနိုင်ဘူး”

ဒါ့အပြင် စစ်အုပ်စုတပ်စာ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ကနေ  ဖြတ်သန်းသွားလာကြတဲ့ ခရီးသည်တင်ယာဉ်၊ ဆီဘောက်ဆာ၊ ကုန်တင်ယာဉ်စတဲ့ ကားတွေကနေ သိန်းနဲ့ချီပြီး အခွန်ငွေတွေ ကောက်ယူနေတယ်လို့ သူကဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေနဲ့ အသေးစိတ် အချက်အလတ်ကိုတော့ MFP အနေနဲ့ သီးခြားအတည်ပြု နိုင်တာမျိုး မရှိသေးပါဘူး။

အခုနှစ် ဇန်နဝါရီလအထိ စစ်အုပ်စုအနေနဲ့ ကန့်ဘလူနယ် ရွှေဘို-မြစ်ကြီးနား လမ်းကြောပေါ်မှာ စံပါယ်နံ့သာ စစ်အုပ်စု အထိုင်ဂိတ်စခန်းတစ်ခုပဲရှိပြီး ကျန်တဲ့လမ်းပိုင်းနေရာတွေကို တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလမှာတော့ ဇီးကုန်းမြို့နဲ့ ဇီးကုန်းမြို့အနီး သကြားစက်မှာရှိတဲ့ အထိုင်စခန်းတွေကနေ အင်အားရာနဲ့ချီတဲ့ စစ်ကြောင်းဟာ ကန့်ဘလူအရှေ့ခြမ်းရှိ ရွှေဘို-မြစ်ကြီးနားလမ်းဘေးက ပေကြီး၊ ငှက်ပျောတိုင်၊ ခအုံးတာ စတဲ့ရွာတွေကို စီးနင်းဝင်ရောက်ပြီး ဒီကနေ့အထိ အထိုင်စခန်းချထားခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button