စစ်ကိုင်းသတင်း

ဝက်လက်နယ် လှတောရွာကို စစ်အုပ်စုက နှစ်ဖက်ညှပ်မီးရှို့ဖျက်ဆီးလို့ နေအိမ် ၈၀ခန့် မီးလောင်

နန်းယု/MFP၊ နိုဝင်ဘာ – ၁၂

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေစစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက နိုဝင်ဘာလ ၁၁ ရက်မနက်ပိုင်းကစပြီး လှတောရွာကို စစ်အုပ်စုတပ် ဝင်ရောက်ပြီးနောက် မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၈၀ခန့် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနက် ၁၀ နာရီကျော်မှာ စိုင်နိုင်ကွေ့ကနေ အင်အား ၁၀၀ခန့်ပါ စစ်အုပ်စုတပ်နဲ့ ဘုန်းဘွက်ကနေ ရောက်ရှိနေတဲ့ စစ်အုပ်စုနဲ့ပျူစောထီးစစ်ကြောင်းတွေပေါင်းပြီး ဝက်လက်မြို့နယ် အနောက်ခြမ်းက လှတောရွာကို စီးနင်းပြီးနောက် နှစ်ဖွဲ့ခွဲကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။

” မနေ့က ညနေပိုင်းအထိ မီးလောင်နေဆဲ ဖြစ်ပါတယ်။ ခန့်မှန်း အိမ်ခြေ ၈၀လောက် ပါတယ်လို့ သိရပါတယ် ” လို့ Wetlet Informational Networkက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်

 ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကလည်း ဝက်လက်နယ်အနောက်ခြမ်း ရွာသာကြီးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ထုံးဘိုရွာကို ဝင်ရောက်ပြီးနောက် ဒုတိယအကြိမ်မြောက် မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်ကနေ ၁၁ ရက်အထိ ဝက်လက်နယ်က ကဒူး၊ မူးကြီး၊ ထုံးဘို၊ ရွာတော်ကုန်း၊ တမာကုန်း၊ တံတားဦး၊ မြင်တော်ရွာနဲ့ လှတောတွေကို စစ်အုပ်စုက စီးနင်းဝင်မွှေ ဖောက်ထွင်းလုယက်ပြီးနောက် ကျေးရွာရှစ်ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဝက်လက်နယ်အနောက်ခြမ်း၊ စစ်ကိုင်း – ရွှေဘို ကားလမ်းပေါ်က အချက်အချာကျတဲ့ နေရာဖြစ်တဲ့ ရွာသာကြီးရွာထဲမှာ စစ်ကိုင်းမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် (တပ်မ – ၃၃) က အင်အားရာနဲ့ချီတပ်စွဲနေထိုင်ကာ အနီးဝန်းကျင် ရွာတွေကို စစ်ကြောင်းထိုး စီးနင်းမီးရှို့တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ရွာသာကြီးအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက လေကြောင်းကနေ လူလက်နက်အင်အား ဖြည့်တင်းပြီးနောက် ရွာစဉ်လှည့် စစ်ကြောင်းထိုး၊ စီးနင်းလုယက် မီးရှို့တာတွေ ပိုကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းတာအပြင် ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ ခိုးရာပါပစ္စည်းတွေကို သယ်ခိုင်းတာ၊ ဓားစာခံအနေနဲ့ လူသားဒိုင်းကာအဖြစ် အသုံးချတာတွေလည်း ကျူးလွန်နေပြီး နိုဝင်ဘာလ ၃ ရက်က ဖမ်းဆီးခဲ့တဲ့ မောက္ကဒီးရွာဒေသခံ ၄၀ ကျော်ကိုလည်း လက်ရှိအချိန်ထိ ပြန်မလွှတ်သေးဘူးလို့ ဆိုကြပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ တမာကုန်း ၊ ရွာတော်ကုန်း၊ ဥတည်ကုန်း၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာနဲ့ မြောက်ရွာ ၊ လှတော၊ လှည်းဦးကြီးကုန်း၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ယင်းမတော၊ ကုက္ကိုလ်စု၊ ငှက်ပြောတော၊ တကောင်းတောင်၊ ကဒူး စတဲ့ ဝက်လက်နယ် ကျေးရွာ ၁၈ ရွာက ထောင်သောင်းချီတဲ့ ဒေသခံပြည်သူ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းငလျင်လှုပ်ခတ်ပြီး တစ်လမပြည့်ခင် ဧပြီလကစလို့ စစ်အုပ်စုက ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး လက်ရှိမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နယ်မြေရှင်းလင်းတဲ့အနေနဲ့ စစ်ရှိန်မြှင့်ကာ စစ်ကြောင်းထိုး မီးရှို့နေသလို စစ်ကိုင်း – ရွှေဘို လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button