မကွေးသတင်း

မြိုင်နယ် စက်မှု-၂ ကထွက်လာတဲ့ စစ်ကြောင်းက တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ သုံးဦးကို ဖမ်းဆီးသတ်ဖြတ်

အီသာရမ်/MFP ၊ နိုဝင်ဘာ – ၁၂

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းကို နိုဝင်ဘာလ ၁၁ ရက်က စစ်အုပ်စု စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံသုံးဦးသတ်ဖြတ်ခံရကာ ကျေးရွာ ရှစ်ရွာခန့်က ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မြိုင်နယ်တောင်ပိုင်း သရက်ကန်ပျူစောထီးစခန်းကနေ ခန့်မှန်းအင်အား ၁၅၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ငါးမိုင်ကျော်ဝေးတဲ့ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းစက်ရုံ ဒေသအခေါ် (စက်မှု-၂)ကို ဦးတည်စစ်ကြောင်းထိုးသွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီကနေတဆင့် စစ်အုပ်စုက ဝက်ပုတ်ကျေးရွာကို နိုဝင်ဘာလ ၁၂ ရက် ဒီနေ့မနက်မှာ စစ်ကြောင်းထိုးလာတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖမ်းဆီးထားတဲ့ ဝက်ပုတ်ဒေသခံသုံးဦးကို သတ်ပစ်လိုက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 “သတ်ခံရတာက သေချာတယ်၊အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးလို့ ပြောတယ်၊သူတို့မိသားစုတွေ ငိုနေကြတယ်တဲ့ ဝက်ပုတ်မှာ သတ်ခဲ့တာတဲ့”

စစ်အုပ်စုကို ထောက်ခံ အားပေးနေတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ဝါဒဖြန့် ရေးသားဖော်ပြနေကြပါတယ်။

စစ်အုပ်စုတပ်ဟာ စစ်ကြောင်း‌ထိုးရာ လမ်းတလျောက်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းသလို ဒေသခံတွေကို ဖမ်းဆီးနေတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နွားကျောင်းသားတွေကတော့ ပြန်လွတ်လာတယ်၊လမ်းပြအနေနဲ့ခေါ်‌သွားတာ၊ရွာတန်းရှည်က အသက်ကြီးကြီးတွေ သုံးယောက်နဲ့ ၁၈ နှစ်တစ်ယောက်ကတော့ ပြန်မလွတ်ဘူး ပါသွားတယ်” 

စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မိတ္ထိလာကျေးရွာ၊ရွာတန်းရှည်ကျေးရွာ၊ စိုပြင်ကျေးရွာနဲ့ ဝက်ပုတ်ကျေးရွာတွေအပြင် အနီးအနားက ကျေးရွာတွေက ဒေသခံပြည်သူ လေးထောင်ခန့် စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်အာပ်စု စစ်ကြောင်းဟာ ဝတ်ပုတ်ရွာဒေသခံတွေကို ရွာအနီးမှာပဲ သတ်ဖြတ်ပြီးတော့ ကာကွာ်ရေးတပ်တွေ ရှိမယ်ထင်တဲ့နေရာတွေကို ပါရာမိုတာနဲ့ ဗုံးကြဲခဲ့ပြီး စက်မှု-၂ ထဲကို ပြန်ဝင်ရောက်သွားပြီလို့ ဆိုပါတယ်။

တွင်းမပျူစောထီးစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကလည်း သာစည်ကျေးရွာ၊နှမ်းဆီကန်ကျေးရွာတို့က စစ်ဘေးရှောင်တွေနေထိုင်တဲ့ တောတိုက်တွေကို ဝင်ရောက်မွှေနှောက်ပြီး စစ်ရှောင်တဲတွေကို မီးရှို့တာနဲ့ ရိက္ခာတွေ ခိုးယူသွားတာတွေ လုပ်ဆောင်သလို စစ်ဘေးရှောင်ပြည်သူနှစ်ဦးကိုလည်း ဖမ်းခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်လွှတ်ပေးတာမျိုး မရှိသေးပါဘူး။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button