MN/MFP ၊ နိုဝင်ဘာ – ၁၃
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက နွားထိုးကြီးမြို့ပေါ်ကို ရပ်တန့်နေတဲ့ ရုံးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ စစ်အုပ်စုက Non CDM ဝန်ထမ်းတွေကို လာရောက်ပို့ဆောင်ချိန်မှာ တိုက်ခိုက်ခံရတာကြောင့် နောက်ကြောင်း ပြန်ဆုတ်ပြေးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ နွားထိုးကြီးမြို့ပေါ်က စစ်အုပ်စု ရဲစခန်း၊ ထွေအုပ်ရုံးအပါဝင် အထိုင်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် Non-CDM ဝန်ထမ်းတွေဟာ မန္တလေးမြို့ပေါ်ကို ပြောင်းရွှေ့သွားတာကြောင့် အုပ်ချုပ်ရေး ယန္တရားအားလုံး ရပ်ဆိုင်းနေပြီး လက်ရှိမြို့ပေါ်မှာ စစ်အုပ်စုတပ်သာ မြို့စောင့်အနေနဲ့ဆက်ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်အုပ်စုက အင်အားတွေထပ်ဖြည့်ပြီး လုပ်ငန်းတွေပြန်လည်ပတ်ဖို့အတွက် နိုဝင်ဘာ ၁၃ ရက်မှာ မြင်းခြံကနေ Non -CDM ဝန်ထမ်းတစ်ရာနီးပါးကို စစ်အုပ်စုက လုံခြုံရေးနဲ့သွားရောက်ပို့ဆောင်ရာမှာ တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် နောက်ကြောင်း ပြန်လှည့်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“နွားထိုးကြီးမြို့က PDF တွေ စိုးမိုးထားတဲ့အနေအထားလိုဖြစ်နေတာ။ မြို့ထဲမှာတော့ သူတို့(စစ်အုပ်စု)တွေ ရှိတာပေါ့။ အုပ်ချုပ်ရေးယန္တရားကလည်း အကုန်လုံးပျက်နေတာ။ အဲဒါကြောင့် စကမက စစ်ကြောင်းထိုး အင်အားဖြည့်တာတွေ လုပ်နေတယ်။ သူ့လက်အောက်က (Non CDM)ဝန်ထမ်းတွေနဲ့ လုပ်ငန်းယန္တရားပြန်လည်ပတ်ဖို့ ကြိုးစားနေတာ။ အရင်တုန်းက နွားထိုးကြီးမြို့ပေါ် ဌာနပေါင်းစုံက မန္တလေးမြို့ပေါ်မှာ သွားရုံးထိုင်နေတာ။ ရုံးကိစ္စလုပ်ချင်ရင် မန္တလေးကိုသွားလုပ်ရတာ။ အခု အဲဒီလို မန္တလေးကိုရွှေ့ထားတဲ့ ဝန်ထမ်းတွေကို (စခ)ကားတွေပါ လုံခြုံရေးလိုက်ပြီးတော့ နွားထိုးကြီးကိုပြန်ပို့ပေးတာ မရောက်သေးဘူးတဲ့။ ပစ်ခံရလို့ ပြန်လှည့်သွားတယ် ကြားရတယ်”
နွားထိုးကြီးမြို့ပေါ်မှာ အုပ်ချုပ်ရေး ယန္တရားပြန်လည်ပတ်ဖို့ရာအတွက် စစ်အုပ်စုက ခရီးသည်တင် Express ကား နှစ်စီးကို ချောဆွဲထားပြီး Non CDM ဝန်ထမ်းတွေ နိုဝင်ဘာ ၁၁ ရက်က မြင်းခြံမြို့ပေါ်ကို ရောက်ရှိလာခဲ့တာသလို ဒီကနေ့မှာ မြင်းခြံ-နွားထိုးကြီး ကားလမ်းကနေ ပို့ဆောင်သွားမှာကို သိရတယ်လို့လည်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြထားပါတယ်။
စစ်အုပ်စုက မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းကို သုံးလကြာ စစ်ကြောင်းထိုး ဗုံးကြဲပြီး အောက်တိုဘာလကုန်ပိုင်းက စတင်ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် နွားထိုးကြီးမြို့ပေါ်မှာ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်ရှိ တဲ၊ ညောင်ပင်၊ ကံနှောင်း၊ သာယာကုန်း စတဲ့ကျေးရွာတွေမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေ အထိုင်ချတပ်စွဲထားသလို လမ်းဘေးဝဲယာမှာရှိတဲ့ ကျေးရွာတွေကို ဖောက်ထွင်းလုယက်မီးရှို့တာတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုထားပါတယ်။
နွားထိုးကြီးမြို့ပေါ်က စစ်အုပ်စု အထိုင်စခန်းတွေကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စု ၃၀ ကျော် သေဆုံးကာ သုံ့ပန်းအချို့နဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီလို နွားထိုးကြီးမြို့ပေါ်က စစ်အုပ်စု အထိုင်စခန်းအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်အုပ်စု လေကြောင်းက အဆက်မပြတ် ဗုံးကြဲခဲ့တာကြောင့် မြို့ကိုဆက်မထိန်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရပြီးနောက် ဒီကနေ့ထိ စစ်အုပ်စု အုပ်ချုပ်ရေးယန္တရားတွေပါ ရပ်ဆိုင်းနေခဲ့တာလည်း ဖြစ်ပါတယ်။
နွားထိုးကြီးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် (ပုံဟောင်း)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



