ခေါတောရွာကို စစ်အုပ်စုစီးနင်းချိန် စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ
မှူးအိန်ဂျယ်လ်/MFP၊ နိုဝင်ဘာ – ၁၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက တစ်လကျော်အတွင်း ရွာပေါင်း ၁၈ ထက်မနည်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး မနေ့က နိုဝင်ဘာ ၁၆ရက်က ခေါတောရွာက ဒေသခံ ၃၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ထပ်မံဖမ်းဆီးသွားတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဝက်လက်နယ် အနောက်ခြမ်က ရွာသာကြီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယတစ်ပတ်က စတင်ပြီး ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသလို ပြည်သူပိုင်ပစ္စည်းတွေကို မွှေနှောက်ယူဆောင်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
စစ်အုပ်စု မီးရှို့ဖျက်ဆီးမှုကြောင့် အောက်တိုဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်အထိ ဝက်လက်နယ်က လှတော၊ မန်းကျီတုံ၊ မြင်တော်၊ ထုံးဘို၊ ရွာတော်ကုန်း၊ တမာကုန်း၊ ခေါတော၊ တံတားဦး၊ စိုင်နိုင်လေး၊ မူးကြီး၊ ရွှေကျင်၊ လိန်ပင်၊ ဦးတည်ကုန်း၊ ပင်ဇင်း၊ ကျီးကန်(တ)၊ ကျီးကန် (မြောက်)၊ ရွာသာကြီးနဲ့ ဦးယာဉ်မစတဲ့ ကျေးရွာတွေအတွင်းက နေအိမ်ရာနဲ့ချီ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။
” အခုဆိုရင် မီးရှို့ခံထားရတဲ့ ရွာ ၁၈ ရွာရှိသွားပြီခင်ဗျာ။ ရှို့ခံထားရတဲ့ ရွာတွေက ပြည်သူတွေအကုန်လုံးက အခုထိ စစ်ရှောင်နေရတုန်းပါပဲဗျ ” လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ဝက်လက်မြိုနယ်အနောက်ခြမ်း လှတောရွာထဲကို ရောက်ရှိနေတဲ့ စစ်အုပ်စုတွေထဲ တချို့ဟာ စိုင်နိုင်ကွေ့ရွာကနေတဆင့် ခေါတောရွာကို စီးနင်းဝင်
ရောက်ကာ ဒေသခံတွေကို ဖမ်းဆီးပြီးနောက် ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်ပြီးသွားတယ်လို့ Wetlet Informational Networkရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” ဖမ်းခံရတာ ဒေသခံ ၃၀ လောက်လို့ သိရတယ်။ ဝက်လက်မြို့နယ်ထဲ ဖမ်းခေါ်သွားမသွားတော့ မသိရဘူး။ အမျိုးသား အမျိုးသမီး ကလေးကတော့ မခွဲနိုင်လို့ တိတိကျကျ မသိရဘူး။ အခုလည်း ရွာပေါင်း ၂၀ ကျော်က စစ်ရှောင်နေရတယ်။ စားဝတ်နေရေးတွေကတော့ ခက်ခဲတယ်။ အနွေးထည်၊ စောင်တွေ လိုအပ်နေပါတယ်။ အခု စစ်ကြောင်းက ရွာသာကြီး တောင်ဘက်ကို လှုပ်ရှားနေပါတယ်။ စစ်ကြောင်းထိုးနေပါတယ်”
ရွာကိုစစ်ကြောင်း ဝင်လာချိန်မှာ ထွက်ပြေးတိမ်းရှောင်ချိန် မရလိုက်တဲ့ ဒေသခံအများစု ဖမ်းဆီးခံထားရတာဖြစ်ပြီး ညနေပိုင်း စစ်ကြောင်းပြန်ထွက်ချိန်မှာ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဝက်လက်နယ်အနောက်ခြမ်း၊ စစ်ကိုင်း – ရွှေဘို ကားလမ်းပေါ်က အချက်အချာကျရာ နေရာဖြစ်တဲ့ ရွာသာကြီးရွာထဲမှာ စစ်ကိုင်းမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် (တပ်မ – ၃၃) က အင်အားရာနဲ့ချီ တပ်စွဲနေထိုင်ပြီးနောက် အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းသုံးကြောင်းထက် မနည်းထိုးကာ စီးနင်းမီးရှို့တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုရန်ကြောင့် ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ တမာကုန်း ၊ ရွာတော်ကုန်း၊ ဥတည်ကုန်း၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာနဲ့ မြောက်ရွာ ၊ လှတော၊ လှည်းဦးကြီးကုန်း၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ယင်းမတော၊ ကုက္ကိုလ်စု၊ ငှက်ပြောတော၊ တကောင်းတောင်၊ ကဒူး စတဲ့ ဝက်လက်နယ် ကျေးရွာ ၂၀ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူ ထွက်ပြေးနေရပြီး စစ်ရှောင်ကာလ ကြာမြင့် လာတာနဲ့အမျှ အစားအသောက်၊ ဆေးဝါးနဲ့ စောင်၊ အနွေးထည်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



