စစ်ကိုင်းသတင်း

ဝက်လက်မှာ တစ်လကျော်အတွင်း စစ်အုပ်စု မီးရှို့ဖျက်ဆီးတဲ့ ရွာ ၁၇ရွာအထိ ရှိလာ၊

စစ်ကိုင်း - ရွှေဘို ကားလမ်းတလျှောက် စစ်အုပ်စု ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေ၊

ဒေါ်လာ/MFP၊ နိုဝင်ဘာ – ၂၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲ စစ်အုပ်စုက အင်အားသုံးပြီး ရွာစဉ်ပတ်မွှေ စီးနင်ကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး တစ်လကျော်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာ ၁၇ရွာအထိ ရှိလာတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်ချိန် အောက်တိုဘာ လဆန်းကစလို့ ဝက်လက်နယ်၊ စစ်ကိုင်း – ရွှေဘို ကားလမ်းတလျှောက် ကျေးရွာတွေကို စစ်အုပ်စုက အင်အားရာချီနဲ့ အဖွဲ့ လေးဖွဲ့ထက်မနည်း ခွဲကာ စီးနင်းလုယက်၊ လူသတ်၊ မီးရှို့နေတာလို့ ဆိုပါတယ်။

အောက်တိုဘာ လဆန်းကနေ ယနေ့ နိုဝင်ဘာ ၂၀ရက်အထိ ဝက်လက်နယ်က ရွာသာကြီး၊ လှတော၊ ကျီးကန်၊ စိုင်နိုင်လေး၊ ရွှေကျင်၊ ပင်းဇင်း၊ မူးကြီး၊ ထုံးဘို၊ တံတားဦး၊ လိန်ပင်၊ ခေါတော၊ မြင်တော်၊ တမာကုန်း၊ ရွာတော်ကုန်း၊ ဥယျာဥ်မ၊ သရက်ကြီးနဲ့ ဘုရားပြန်ရွာ၊ စုစုပေါင်း ၁၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ ဝက်လက်မြို့နယ် သပိတ်ကော်မတီက ဖော်ပြပါတယ်။

“ကျေးရွာပေါင်း ၁၇ရွာကို စစ်ကော်မရှင်ဘက်ကနေ မီးရှို့ဖျက်ဆီးထားပြီး ပြည်သူတွေရဲ့ နေအိမ် အများအပြား ဆုံးရှုံး”

တချိန်တည်းမှာပဲ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းချိန် တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်၊ ဓားစားခံ လူသားဒိုင်းကာအဖြစ် အသုံးချတာကြောင့် အထက်ပါ မီးရှို့ခံရတဲ့ ကျေးရွာတွေ အပါအဝင် ဝက်လက်နယ် ကျေးရွာ ၂၀ ကျော်က သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဝက်လက်နယ်၊ စစ်ကိုင်း – ရွှေဘိုကားလမ်း၊ ရွာသာကြီးကျေးရွာထဲ အထိုင်ချနေပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုထဲက အင်အား ၁၅၀လာက်ဟာ ယမန်နေ့ နိုဝင်ဘာ ၁၉ရက်က ဘုရားပြန်ရွာကို စီးနင်းပြီးနောက် နေအိမ်တွေ ဖောက်ထွင်းလုယက်ကာ ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ ရွာကို မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“ဘုရားပြန်ရွာက ကားလမ်းဘေးမှာရှိတဲ့ အိမ်တွေ၊ဆိုင်တွေကို ဒီမနက်ကစပြီး မီးတင်နေတာပါ။ ဘုရားပြန်က လမ်းဘေးဆိုတော့ စျေးဆိုင်ခန်းတွေ ပိုများတာပေါ့နော်၊ အခုထိလည်း မီးရှို့နေတုန်းပါ”လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ဒီကနေ့ စီးနင်းလုယက် မီးရှို့နေတဲ့ ဘုရားပြန်ရွာဟာ ၂၅၀ ဝန်းကျင်ရှိကာ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လကလည်း စစ်အုပ်စုက ဘုရားပြန်ရွာကို စီးနင်းလုယက်ကာ ရွာကို မီးရှို့လို့ အိမ်ခြေ ၁၈၀ ကျော် မီးလောင်ပြာကျခဲ့ပါသေးတယ်။

စစ်ကိုင်းငလျင်လှုပ်ခတ်ပြီး တစ်လမပြည့်ခင် ဧပြီလကစလို့ စစ်အုပ်စုက စစ်ကိုင်း – ရွှေဘို ကားလမ်းတလျှောက်၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး လက်ရှိမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နယ်မြေရှင်းလင်းတဲ့အနေနဲ့ အရှိန်မြှင့်ကာ စစ်ကြောင်းထိုး မီးရှို့နေသလို စစ်ကိုင်း – ရွှေဘို လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲ စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးထားတဲ့ ပြည်သူ့နေအိမ်တွေ/Photo – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button