စစ်ကိုင်းသတင်း

မင်းကင်းနယ် ချင်းတွင်းမြစ်ရိုးက ရွှေမျောလုပ်ငန်းနေရာ ဗုံးကြဲခံရပြီး လူဒါဇင်ချီ သေဆုံး၊ ဒဏ်ရာရ၊

NUG ပသုံးလုံးနဲ့ ဒေသခံတွေ အငြင်းပွား၊ ဆန္ဒပြမှုတွေဖြစ်ပြီး ရွှေစတူးချိန် စစ်အုပ်စုက ဗုံးကြဲ သတ်တာဖြစ်၊

ကိုသူ/MFP၊ နိုဝင်ဘာ – ၂၂

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးရှိ လောင်းပြည့်ကျေးရွာအနီး ရွှေမျောလုပ်ကိုင်နေတဲ့ နေရာကို ဒီကနေ့ စစ်အုပ်စုက ပါရာမော်တာ – စက်တပ်လေထီး သုံးစီးနဲ့ ဗုံးကြဲပြီးနောက် တိုက်လေယာဉ်နဲ့ပါ ထပ်မံ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ အနည်းဆုံး နှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းစပ်က ရွှေမျှော လုပ်ကိုင်ရာ နေရာကို စစ်အုပ်စုက တိုက်လေယာဉ်၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စက်တပ်လေထီး သုံးစီးနဲ့ နှစ်ကြိမ် ဗုံးကြဲပြီးနောက် တိုက်လေယာဉ် တစ်စီးက ငါးကြိမ်အထိ ပျံဝဲကာ ရော့ကတ်တွေ၊ ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်သလို လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ တရစပ် ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“သေတာက နှစ်ယောက်၊ ဒဏ်ရာရသူတွေက များတယ်ဗျ၊ ဒါဇင်ချီ ရှိမှာ၊ အခု ရသလောက်က ၁၂ ယောက်ကျော် ရှိတယ်၊ ဒီထက် ထပ်များနိုင်တယ်ဗျ၊ မီးလောင်နေတာ၊ ရေထဲ ရှာနေကြတုန်းဆိုတော့ အတည်က ပြုလို့ မရသေးဘူး။ ဒီထက် ပိုများနိုင်တယ်ဗျ၊ ရှာနေကြတုန်း “

ပျောက်ဆုံးနေတွေလည်း ရှိနိုင်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဖို့ ကြိုးစားနေကြကာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ ရွှေမျောလုပ်ကိုင်သူနဲ့ ဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဗုံးကြဲပစ်ခတ်သတ်ဖြတ်မှုကြောင့် ရွှေမျောဖောင်တချို့ ရေမြုပ်ကာ တချို့က မီးလောင် ပျက်စီးတယ်လို့ လောင်းပြည့်ရွာခံ တစ်ဦးက ပြောပါတယ်။

“ဂျက်ဖိုက်တာက တစ်စီးထဲပါဗျ၊ တစ်စီးတည်းကို ဗုံးက သုံးကြိမ်ချပါတယ်။ သုံးကြိမ်ကို နှစ်လုံးတွဲ နှစ်လုံးတွဲ ချတာ၊ အဲ့ဒါပြီးတော့ မော်တာ (စက်သေနတ်)နဲ့ ကုပ်တာက နှစ်ကြိမ်ပေါ့လေ၊ ပထမအကြိမ် ကုပ်သွားလိုက်၊ နောက်တခါ ကုပ်သွားလိုက်။ ဂျက်ဖိုက်တာက အကုန်လုံးတိုက်မှုပေါင်း ငါးကြိမ်ပါ၊ ပါရာမိုတာကတော့ သုံးစီးလာတာကို တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပါတယ်၊ တစ်စီးကတော့ မင်းကင်းဘက်ကို ပြန်သွားတယ်၊ နှစ်စီးကတော့ မုံရွာဘက်ကို ပြန်သွားတယ်”

စစ်အုပ်စုဟာ လူများများ ရှိနိုင်မယ်ထင်တဲ့ နေရာတွေကို ပစ်မှတ်ထားကာ ဗုံးကြဲသတ်ဖြတ်သွားတာ ဖြစ်တယ်လို့ လောင်းပြည့်ရွာခံ နောက်ထပ် တစ်ဦးကလည်း MFP ကို ပြောပါတယ်။

“အဓိက ကြဲတာကတော့ လူစုလူဝေး ဖြစ်တဲ့ နေရာ ကြဲတယ်လို့ သိရတယ်၊ မျော မောင်းနေတော့ စက်သံတွေက ဆူညံနေတော့ မကြားတဲ့ သူတွေကတော့ လွတ်လိုက်မယ် မထင်ဘူး “

အဲ့ဒီ လောင်းပြည့်ရွာအနီး ချင်းတွင်းမြစ်ရိုးမှာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG လက်အောက်ခံ ပသုံးလုံး အဖွဲ့တွေက ရွှေတူးဖို့ စီစဉ်လို့ ဒေသခံတွေက အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒပြနေပြီး ဆန္ဒပြပွဲ ဦးဆောင်သူတွေကို NUG တပ်ဖွဲ့တွေက ဖမ်းဆီးထားကာ အချင်းချင်း အငြင်းပွားနေတဲ့ နေရာ ဖြစ်ပါတယ်။

ရွှေတူးဖော်မယ့် လုပ်ငန်းတွေကြောင့် လယ်ယာမြေဧက သောင်းနဲ့ချီ ပျက်စီးနိုင်တယ်လို့ ဆိုကာ ဒေသခံတွေက ကန့်ကွက်နေပေမယ့် နိုဝင်ဘာ ၁၀ရက်က စတင်ကာ ရွှေမျောလုပ်ငန်းတွေ စတင်လုပ်ကိုင်ချိန် စစ်အုပ်စုက အခုလို အချိန်အခါကောင်းကို စောင့်ကာ လာရောက် ဗုံးကြဲသတ်ဖြတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းနယ်၊ လောင်းပြည့်ရွာအနီး ချင်းတွင်းမြစ်ရိုးက ရွှေလုပ်ကွက် လူစည်ကားရာနေရာတွေကို စစ်အုပ်စုက ပါရာမော်တာ သုံးစီး၊ တိုက်လေယာဉ်တစ်စီးနဲ့ ထင်တိုင်းကြဲ ဗုံးကြဲသတ်ဖြတ်စဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button