မန္တလေးသတင်း

မတ္တရာနယ် စာသင်ကျောင်းကို စစ်အုပ်စု လက်နက်ကြီးနဲ့ ထုလို့ စစ်ရှောင်ပြည်သူတွေ အပါအဝင် ကလေး၊ လူကြီး စုစုပေါင်း လေးဦး သေဆုံး၊

ကိုကော်ဖီ/MFP၊ နိုဝင်ဘာ – ၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက နတ်ကြီးစင်ရွာ စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်ပြည်သူတွေ အပါအဝင် ကလေးနှစ်ဦးနဲ့ လူကြီးနှစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နိုဝင်လာ ၂၃ရက် မွန်းတည့် ၁၂နာရီခန့်က မတ္တရာနယ်မြောက်ခြမ်း၊ နတ်ကြီးစင်ရွာ စာသင်ကျောင်းကို စစ်အုပ်စုက လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းနဲ့ ကပ်လျှက်က နေအိမ်ထဲကို လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် ကလေးသူငယ်တွေ အပါအဝင် ခြောက်ဦး ဒဏ်ရာရကာ အဲ့ဒီအထဲက ကိုးနှစ်၊ ၁၀နှစ်ဝန်းကျင် ကလေးနှစ်ဦးနဲ့ လူကြီးနှစ်ဦး သေဆုံးတာလို့ ဆိုပါတယ်။

“တံငါရွာကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေ ထိတယ်။ လူကြီးနှစ်ယောက်နဲ့ ကလေးတစ်ယောက် ဆုံးတာ။ နတ်ကြီးစင်က ကလေးက ကိုးနှစ်၊ ၁၀ နှစ်ဝန်းကျင်ပါ။ အဲ့ဒီ ကလေးကတော့ ရုပ်တောင် မပီတော့ပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံး၊ ဒဏ်ရာရသူတွေဟာ မတ္တရာနယ်၊ မန္တလေး – မိုးကုတ် ကားလမ်း၊ တံငါရွာကနေ နတ်ကြီးစင်ရွာဘက် စစ်ဘေးရှောင်ထွက်ပြေးလာတဲ့ ပြည်သူတွေနဲ့ နတ်ကြီးစင်ရွာက သားအမိနှစ်ဦးတို့ ဖြစ်ပြီး နတ်ကြီးစင်ရွာက သားအမိနှစ်ဦးကတော့ သားက သေဆုံးကာ မအေက ဒဏ်ရာရတာလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်၊ မတ္တရာ ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မတ္တရာနယ်ထဲက စစ်ရှုံးနယ်မြေတွေ ပြန်ရရေး လေကြောင်းအားကိုး၊ ဒရုန်းနဲ့ လက်နက်ကြီး အားကိုးနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်း စတဲ့ နေရာတွေကို ပစ်မှတ်ထား ဗုံးကြဲသတ်နေလို့ ဒေသခံပြည်သူနဲ့ စစ်ရှောင်ပြည်သူတွေ ထိခိုက်သေဆုံးမှု အများအပြား ရှိနေပါတယ်။

စစ်အုပ်စု ရန်ကြောင့် မတ္တရာနယ်သာမက စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က ပြည်သူတွေ နေရပ်စွန့်စွာကာ စစ်ရှောင် ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။

မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ စာသင်ကျောင်းတွေကို အဓိက ပစ်မှတ်ထားကာ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်နေတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်က မတ္တရာနယ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ယာယီခိုလှုံရာ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာ စာသင်ကျောင်းတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ခြောက်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး နိုဝင်ဘာလ ၁၂ရက်ကလည်း စဉ့်ကူးမြို့နယ်၊ မာလဲတောကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ရာ စာသင်ကျောင်းထဲမှာ စစ်ဘေးရှောင်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ငါးဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

မတ္တရာနယ်မြောက်ခြမ်း နတ်ကြီးစင်ရွာ စာသင်ကျောင်းကို စစ်အုပ်စုက လက်နက်ကြီး ထုလို့ စာသင်ကျောင်းဘေးက နေအိမ်ထဲ ကျရောက်ပေါက်ကွဲကာ ထိမှန်သေဆုံးတဲ့ ပြည်သူတွေ/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မတ္တရာ

Related Articles

Back to top button