စစ်ကိုင်းသတင်း

ချောင်းဦးမှာ လက်ဖက်ရည်ဆိုင်နဲ့ နေအိမ်တွေကို စစ်အုပ်စုက ဗုံးကြဲသတ်လို့ သုံးဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ၊

နမခတိုင်းမှူးအသစ်က မင်းအောင်လှိုင်ရဲ့ မျက်နှာသာပေးမှုရဖို့ ပြည်သူကို ရန်ပြုသတ်ဖြတ်ပြနေတာလို့ ဆို၊

မောင်သက်/MFP၊ ဒီဇင်ဘာ – ၁

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမနားရွာက လက်ဖက်ရည်ဆိုင်နဲ့ ချောင်းဆုံကျေးရွာထဲက နေအိမ်တွေအပေါ် စစ်အုပ်စုက ဂျိုင်အိုကော်ပတာ (Gyrocopter – ရဟတ်ယာဉ်ငယ်) နှစ်စီးနဲ့ ဗုံးကြဲသတ်ဖြတ်တာကြောင့် ဒေသခံ အရပ်သားပြည်သူ သုံးဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၃၀ရက် မွန်းလွဲ ၂နာရီခွဲအချိန်မှာ ချောင်းဦးမြို့နယ် ချောင်းမနားရွာက လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ဂျိုင်အိုကော်ပတာနဲ့ ဗုံးကြဲသတ်ဖြတ်တာကြောင့် အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ချောင်းဦးမြို့နယ် ချောင်းဆုံ ရွာထဲကို စစ်အုပ်စုက နောက်ထပ် ဂျိုင်အိုကော်ပတာ တစ်စီးနဲ့ ဗုံးကြဲချ သတ်ဖြတ်တာကြောင့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးကာ နေအိမ်တစ်လုံးလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က ည၈နာရီခွဲအကျော်မှာလည်း ချောင်းဦးမြို့နယ် ဝယာကျေးရွာကို စစ်အုပ်စုက ပါရာမော်တာ (Paramotor – စက်တပ်လေထီး)နဲ့ ဗုံးကြဲသတ်လို့ လူငယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်နေသူ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ကြောင်းလည်း မရှိဘဲ လာပစ်နေတာ။ တိုင်းမှူးအသစ် ပြောင်းပြောင်းချင်း ချောင်းဦးကို မဲတော့တာ”

စစ်အုပ်စုဟာ မနေ့က တနေလုံး ချောင်းဦးနယ်ကို ဗုံးကြဲ၊ လက်နက်ကြီးထုလို့ ဒေသခံပြည်သူတွေ ဗုံးခိုကျင်းထဲက မထွက်ရဲဘူးလို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက MFP ကိုပြောပါတယ်။

“မနေ့က (မွန်းလွဲ) ၂နာရီခွဲကတည်းက လေကြောင်း စတိုက်တာ။ နေ့ခင်း နှစ်ယောက်၊ ည တစ်ယောက် သေတယ်။ တညလုံးလည်း လက်နက်ကြီးတွေနဲ့ ထုတယ်။ ဗုံးခိုကျင်းထဲကကို မထွက်ရဘူး”

မုံရွာမြို့အထွက်၊ မုံရွာ – မန္တလေးလမ်းပေါ်က စစ်အုပ်စု ငွေညှစ်ဂိတ်တွေဖြစ်တဲ့ မအူဂိတ်၊ ချောင်းဦးမြို့ပေါ်ရှိ ဂိတ်နဲ့ မြပုလဲဂိတ်တွေကနေ စစ်အုပ်စုက မနေ့က ညဦးပိုင်းကနေ မနက် မိုးမလင်းမီ ၃နာရီကျော်အထိ ၁၂၀ မမ၊ ဟောင်ဝစ်ဇာတွေနဲ့ ကျေးရွာတွေဘက် ရမ်းကား ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ မနေ့က ညပိုင်း မုံရွာမြို့ရဲ့ ချင်းတွင်းမြစ် တဖက်ကမ်း ဆားလင်းကြီးမြို့နဲ့ တရုတ်လက်ပံတောင်းတောင် ကြေးနီစက်ရုံတွေဘက် စစ်အုပ်စုက စစ်ကြောင်းထိုး၊ လက်နက်ကြီး ထုလို့ ဒေသခံပြည်သူတွေ ညအချိန် စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကို သစ္စာခံသူတွေထဲက ဗိုလ်မှူးချုပ်အဆင့် မျိုးမင်းထွေး အစား နောက်ထပ် ဗိုလ်မှူးချုပ်အဆင့် တစ်ယောက်ကို နမခ တိုင်းမှူးအသစ်အဖြစ် ယခုရက်ပိုင်း ပြောင်းလဲတာဝန်ပေးထားပြီး အဲ့ဒီ အသစ်ရောက်လာတဲ့ နမခ တိုင်းမှူးအသစ်က မင်းအောင်လှိုင်ရဲ့ မျက်နှာသာပေးမှုကို ရဖို့ အထက်ပါအတိုင်း ပြည်သူကို ရန်ပြူ သတ်ဖြတ်ပြနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်ကျော်အတွင်း နမခ တိုင်းမှူးအဖြစ် လေးယောက်အထိ ပြောင်းလဲ တာဝန်ပေးထားပြီး ဒေသတွင်း အိမ်မီးရှို့၊ လူသတ်၊ လုယက်တာတွေ ကျူးလွန်ဖို့ စေခိုင်းထားတာ ဖြစ်ပါတယ်။

ချောင်းဦးနယ်ထဲ စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးသူနဲ့ ပျက်စီးမှုတွေ/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button