ဘုန်းစိုး/MFP၊ ဒီဇင်ဘာ – ၂
အာဏာသိမ်း စစ်အုပ်စု ကြီးစိုးလွှမ်းမိုးထားတဲ့ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ ယမန်နေ့က အသက် ၈၀ ကျော်အဖွားနဲ့ မြေးဖြစ်သူတို့ ပြန်ပေးဆွဲဖမ်းဆီးခံရပြီး ကျပ်သိန်း ၂၅၀၀ နဲ့ ပြန်လာရွေးဖို့ ခြိမ်းခြောက် စာပို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက် နေ့လည်ပိုင်းအချိန် မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၈၀ ကျော် အဘွားတစ်ဦးနဲ့ မြေးဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသမီးတို့ကို လက်နက်ကိုင် လူတစ်စုက သေနတ်နဲ့ထောက်ကာ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ပြန်ပေးဆွဲဖမ်းဆီးခံရတဲ့ ရပ်ကွက်အနီးမှာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု အထိုင်ချတပ်စွဲ ဂိတ်ဖွင့်ထားတဲ့ မုံရွာပညာရေးကောလိပ်ရှိပြီး အိမ်စီးကားနဲ့ လာတဲ့ လက်နက်ကိုင်တစ်စုက အဲ့ဒီ စစ်အုပ်စု ဂိတ်အနီးက နေအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် မြေးအဘွားနှစ်ဦးကို ပြန်ပေးဆွဲ ဖမ်းခေါ်သွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အဘွားကြီးက အသက် ၈၀ ကျော်ပြီ၊ မြေးမလေးက ၂၀ ကျော်ပဲ ရှိသေးတာ၊အိမ်မှာ သူတို့ပဲ ရှိတဲ့အချိန် ၀င်ဖမ်းသွားတာ၊ သေနတ်ပြပြီး ခေါ်သွားတာ၊ အိမ်စီးကား နှစ်စီးနဲ့ လူ ငါးယောက်က”
ပြန်ပေးဆွဲဖမ်းဆီးခံရသူတွေဟာ လုပ်ငန်းရှင်မိသားစုတွေ မဟုတ်ဘဲ သာမန်တောင်သူ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးသွားပြီး ညပိုင်းမှာ မိသားစု၀င်တစ်ဦးဆီကို ဖုန်းကနေမက်ဆေ့ပို့ပြီး သိန်း၂၅၀၀ နဲ့ ရွေးဖို့ အကြောင်းကြားလာတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
“ဖမ်းသွားတဲ့အချိန် ဖုန်းတွေလည်း ယူသွားတယ်၊ အဲ့ဒီဖုန်းနဲ့ပဲ အဘွားကြီးရဲ့ သမီး၊ ကောင်မလေးရဲ့ မအေဆီကို မက်ဆေ့ပို့လာတာ၊ သိန်း ၂၅၀၀ နဲ့ရွေးဖို့တဲ့”
စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ ပြန်ပေးဆွဲ၊ ပေါ်တာဆွဲ၊ ဓားပြမှုတွေ ပိုမိုဖြစ်ပွားနေပြီး နေထိုင်သွားလာရေး မလုံခြုံတာကြောင့် မုံရွာမြို့က စီးပွားရေး လုပ်ငန်းရင်အများစု တခြားဒေစတွေဆီ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ မြဝတီလမ်းမှာ သားအမိနှစ်ယောက် ဆိုင်ကယ်စီး သွားလာနေချိန် လက်နက်ကိုင် လူတစ်စုက သေနတ်ထောက်ပြီး အသက် ၁၀နှစ်အရွယ် ကလေးငယ်ကို ပြန်ပေးဆွဲ ဖမ်းခေါ်သွားကာ ကျပ်သိန်း ထောင်ချီနဲ့ ပြန်ရွေးခိုင်းခဲ့ပါသေးတယ်။
စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ တည်ရှိသလို မြို့ပေါ် နေရာအနှံ့ စစ်အုပ်စု လက်နက်ကိုင်တွေ ကြီးစိုးထားတဲ့ မုံရွာမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှူ၊ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လစဉ် ပြန်ပေးဆွဲမှုနဲ့ ဓားပြမှုက ငါးကြိမ်ထက်မနည်း ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ပြင်ဆင်နေကာ မြို့၊အ၀င်အထွက်တွေကို ပိတ်ဆို့ စစ်ဆေးတာ၊ မြို့ပေါ်ရပ်ကွက်တွေထဲ အိမ်စီးကားတွေနဲ့ လှည့်ပတ်သွားလာတာ၊ မြို့အနီးဝန်းကျင် ကျေးရွာတွေကို စိုးမိုးထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုး မီးရှို့ လူသတ်တာ၊ လက်နက်ကြီး ထုတာတွေ ပိုမိုအရှိန်မြင့် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မုံရွာမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် စစ်အုပ်စုရဲ့ စိုးမိုးထိန်းချုပ်မှု ပိုမိုအားကောင်းလာလေ ခိုး၊ဆိုး၊လုယက်၊ ပြန်ပေးဆွဲနဲ့ ပေါ်တာဆွဲခံရမှုတွေ ပိုမို များပြားလာလေ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ယခုရက်ပိုင်း စစ်အုပ်စုက မုံရွာမြို့မှာ စျေးရောင်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးပြီး ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေလည်း ပိုမို လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မုံရွာမြို့အနှံ့ လမ်းပေါ်ဂိတ်ဖွင့်၊ ဖမ်းဆီးငွေညှစ်နေသလို မြို့ အဝင်အထွက် တွေကို ပိတ်ဆို့ စစ်ဆေးနေတဲ့ ကြားက အခုလို မြို့ပေါ်မှာ ဓားပြတိုက်၊ ပြန်ပေးဆွဲမှုတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
မုံရွာမြို့မှာ အိမ်စီးကားတွေ သုံးပြီး ပေါ်တာလိုက်ဆွဲနေတဲ့ စစ်အုပ်စု/Photo – မုံရွာရပ်ကွက် ကင်းထောက်များ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



