မုံရွာက ကြံ့ဖွံ့ပါတီ ထောက်ခံတဲ့ ရွာကြီးကို စစ်အုပ်စု ပထမဆုံးအကြိမ် စီးနင်း၊ မီးရှို့၊ လူသတ်၊
ရေခဲသေတ္တာနဲ့ ဆန်၊ဆီကအစ ရွာအတွင်းက ပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီး ကားနဲ့ တင်ကာ နမခထဲ သယ်ယူနေ၊
မောင်သက်/MFP၊ ဒီဇင်ဘာ – ၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းပေါ်က စည်ကားတဲ့ ကျေးရွာကြီး ဖြစ်ပြီး စစ်အုပ်စုရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)ကို အားပေးထောက်ခံတဲ့ ကျီကုန်း(အနောက်)ရွာကို အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း ပထမအဆုံးအဖြစ် စစ်အုပ်စုက စီးနင်းကာ လူသတ်၊ မီးရှို့၊ ဖောက်ထွင်း၊ လုယက်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ ချောင်းဦးနယ် ခင်မွန်ရွာ ပျူစောထီးစခန်းကတဆင့် နိုဝင်ဘာ ၃၀ရက်မှာ ကျီကုန်းရွာကို စတင်စီးနင်း မီးရှို့တာလို့ ဆိုပါတယ်။
ကြံ့ဖွံ့အမာခံ အစိမ်းရွာအဖြစ် ဒေသတွင်း လူသိများတဲ့ မုံရွာနဲ့ ချောင်းဦးအစပ်၊ ကျီကုန်းရွာကို စစ်အုပ်စုက နိုဝင်ဘာ ၃၀ရက်မှာ စတင်စီးနင်းချိန် ရွာခံပြည်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တချို့ကို ဓားစာခံ လူစားဒိုင်း အဖြစ် ဖမ်းဆီးထားကာ ကျေးရွာအတွင်း မီးရှို့ထားတဲ့ အိမ်ခြေလည်း ၁၅လုံးလောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၃၀ရက်ကနေ ဒီဇင်ဘာ ၆ရက်အထိ စစ်အုပ်စုက ကျီကုန်းရွာကို ဆက်လက် စီးနင်းထားပြီး ကျေးရွာအတွင်းက နေအိမ်တွေ ဖောက်ထွင်းမီးရှို့တာ၊ တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီး ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ မုံရွာ နမခ၊ ခင်မွန်ရွာ ပျူစခန်းနဲ့ ချောင်းဦးမြို့ပေါ် သယ်ထုတ်နေတာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
“ကျီကုန်းက နှစ်ရွာရှိတာ၊ အရှေ့ရွာနဲ့ အနောက်ရွာ။ အနောက်ရွာက မုံရွာနယ်၊ အရှေ့ရွာက ချောင်းဦးနယ်၊ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အရှေ့ရွာက NLD ကပ်နိုင်တာ၊ အနောက်ရွာက ကြံ့ဖွံ့ နိုင်တာ။ တကယ့် အစိမ်းရွာကြီး။ အခု အဲ့ဒီ အစိမ်းရွာကြီးကို မီးရှို့တာ၊ ခိုးယူတာတွေ လုပ်နေတာ။ ဒါက ပထမဆုံးအကြိမ် အဝင်ခံရတာပဲ။ အရင်က အရှေ့ရွာကို မကြာခဏ ဝင်မွှေတာ ရှိပေမယ့် အနောက်ရွာက အခုမှ ပထမဆုံးပဲ”
စစ်အုပ်စုဟာ ကျီကုန်းရွာထဲက ဖောက်ထွင်းခိုးယူထားတဲ့ ပစ္စည်းတွေကို ဒိုင်နာကား သုံးစီး၊ ခြောက်ဘီးကား သုံးစီးနဲ့ သယ်ထုတ်နေတာ ဖြစ်ပြီး နေ့ရောညပါ ခိုးယူသယ်ထုတ်နေတာလို့ ဆိုပါတယ်။
“အရှေ့ရွာရော၊ အနောက်ရွာကိုပါ ပစ္စည်းတွေ အကုန်ခိုးနေတာ။ အဲကွန်း၊ ရေခဲသေတ္တာ၊ ဆန်၊ဆီ မီးဖိုချောင်းသုံး ပစ္စည်းကအစ လိုချင်တာမှန်သမျှ အကုန် ယူပါတယ်။ နေ့ရော ညပါ သယ်ထုတ်နေကြတာ၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့” လို့ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။
ကျီကုန်းရွာကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ ညပိုင်းမှာ အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လေ့ရှိလို့ ကျီကုန်း၊ ကျီကုန်းရွာသစ်၊ ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့် စတဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ ရွာထဲ မနေရဲဘဲ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့ရာမှာ ကြံ့ဖွံ့ပါတီ ထောက်ခံတဲ့ ရွာတွေကို မကျူးလွန်ဘဲ ကွက်ချန်ထားခဲ့လေ့ ရှိလို့ မုံရွာနဲ့ ချောင်းဦးနယ်အစပ်က ကျီကုန်း (အနောက်)ရွာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း တစ်ကြိမ်မှ စီးနင်းလုယက်၊ မီးရှို့တာ မခံခဲ့ရပေမယ့် လက်ရှိမှာတော့ ပထမဆုံးအကြိမ် စီးနင်းလုယက်၊ မီးရှို့ခံရတာ ဖြစ်ပါတယ်။
မုံရွာနဲ့ ချောင်းဦးနယ်အစပ်၊ မုံရွာ – မန္တလေး ကားလမ်းပေါ်က ကြံ့ဖွံ့ပါတီ ထောက်ခံတဲ့ ကျီကုန်းရွာကို စစ်အုပ်စု စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးထားစဉ်/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



