နန်းယု/MFP၊ ဒီဇင်ဘာ – ၈
တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုတပ်တွေ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်းက ရွှေလုပ်ကွက်ကို ဒီဇင်ဘာလ ၇ရက်နေ့လယ်ပိုင်းမှာ စစ်အုပ်စုလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုတပ်ဟာ လေကြောင်းကနေ ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင် ၅၀၀ဗုံးနဲ့ ပေါင် ၂၅၀ ဗုံးခြောက်လုံးကို လေးကြိမ်ကြဲချခဲ့တာကြောင့် အသက် ၃၃နှစ်အရွယ် ရွှေကျင်အလုပ်သမား ကိုငြိမ်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ နေရာဟာ သုံးပင်ရွာနဲ့ တစ်မိုင်အကွာမှာရှိတဲ့ သုံးမြေဆုံရွာရွှေလုပ်ကွက်ကို လေကြောင်းကန ဦးတည်ဗုံးကြဲခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာသူတွေအထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူ နှစ်ဦးပါဝင်နေတယ်လို့ ဆိုပါတယ်။
“သုံးပင်ရွာမှာက လူတွေရှိသေးပေမဲ့ မနေ့က တချို့ ဈေးဆိုင်တွေပိတ် တာတွေ ရှိတယ်။ သုံးပင်ရွာမှာက ဗန်းမောက်မြို့ ထဲက စစ်ရှောင်တွေရော ပင်လည်ဘူး ဘက်က စစ်ရှောင်တွေ ရော ရှိကြတယ်။ မနေ့က ကြဲတဲ့ ဗုံးတွေက ရွှေလုပ်ကွက်ထဲကျရောက်ခဲ့တာမို့ အလုပ်လုပ်နေတဲ့ စစ်ရှောင် ပြည်သူအမျိုးသားတွေထဲက တစ်ဦးသေတယ်။ ငါးဦးခိုက်ဒဏ်ရာရရှိသွားတယ်။ ဒီမနက်မှာလည်း ဂျက်ဖိုက်တာတွေက ဝဲနေတုန်းပဲ၊ ဒဏ်ရာရတဲ့ လူတွေတော့ ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်ဗျ၊ ဆုံးသွားတဲ့သူကတော့အခုထိမြေမချရသေးဘူးဗျ”လို့ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်ဟာ ဒီနေ့အထိ လေကြောင်းကနေ စောင့်ကြည့်နေတာကြောင့် သေဆုံးသွားသူရဲ့ နာရေးအခမ်းအနားကို မကျင်းပနိုင်သေးဘူးလို့ သူကဆိုပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ နေရာဟာ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ ကျော် ကွာဝေးပြီး တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ အရပ်သားပြည်သူတွေ ရွှေသတ္တု တူးဖော်တဲ့နေရာကို အကြောင်းမဲ့ သက်သက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ရှမ်းနီနဲ့စစ်အုပ်စုပူးပေါင်းစစ်ကြောင်းရဲ့တန်ပြန် ထိုးစစ်တွေကြောင့် မြို့အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုအာဏာသိမ်းတဲ့ လေးနှစ်ကျော်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ပြုလုပ်ခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၄,၄၇၀ သေဆုံးခဲ့တယ်လို့ NUG လူအခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



