စစ်ကိုင်းသတင်း

စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း နှစ်ဆယ်ကျော် အသံတိတ်သပိတ်ကို ပါဝင်ဆင်နွှဲခဲ့

MN/MFP ၊ ဒီဇင်ဘာ – ၁၀

MFPက လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦး၊ မြောင်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကလေး၊ ဘုတလင်၊ အရာတော်၊ ဒီပဲယင်း၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ကနီ၊ မင်းကင်း၊ ကလေး၊ ကန့်ဘလူ၊ ကောလင်း၊ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်စတဲ့ မြို့နယ်တွေမှာ အသံတိတ်သပိတ် ( Silent Strike) ကို ဆင်နွှဲခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နဲ့ စစ်အုပ်စုကျင်းပမယ့် အတုအယောင် အလိမ်အညာ ရွေးကောက်ပွဲကို ဆန့်ကျင့်တဲ့လှုပ်ရှားမှုအဖြစ် အသံတိတ်သပိတ် (Silent Strike)ကို နိုင်ငံတဝန်းမှာ ပြုလုပ်ခဲ့ရာမှာ စစ်ကိုင်းတိုင်းက မြို့နယ်အများစု ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ နေ့လယ် ၃ နာရီထိ နိုင်ငံတဝန်းက မြို့နယ်တွေမှာ ပြုလုပ်ခဲ့သလို စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာလည်း မြို့ပေါ်အပါဝင် ကျေးလက်ဒေသက ကျေးရွာတွေမှာပါမကျန် ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

စစ်ကိုင်းမြို့ပေါ်မှာလည်း စစ်အုပ်စုက မြို့ခံတွေကို အပြင်ထွက်လာဖို့ စက်သုံးဆီရောင်းချတာ၊ ကလေးတွေကို မုန့်ပေးဝေတာတွေပြုလုပ်ခဲ့ပေမဲ့ ဒီကနေ့ အသံတိတ်သပိတ်မှာ မြို့ခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ စစ်ကိုင်းမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ကိုင်းမြို့ကလည်း အခုကျတော့လည်း အဟုတ်သား။ အခုလိုညီနေရင်ဘာကြာမလဲ။ လမ်းတွေ ခြောက်ကပ်နေတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ကြပါတယ်။ (စခ)တွေ ထောက်ခံတဲ့သူတွေပဲ သွားလာကြတာ။ မြို့ထဲနေရာအနှံ့မှာလည်း စကမတွေနဲ့ ပျူတွေ ရှိနေတော့ ဓာတ်ပုံကောင်းကောင်း ရိုက်လို့အဆင်မပြေခဲ့ဘူး။ စကမ က စစ်ကိုင်းမှာ ဒီကနေ့ အသံတိတ်သပိတ်လုပ်နေတော့ လူစည်အောင်ဆိုပြီး စကမရဲ့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့က ချင်းစုရပ် အောင်ချမ်းသာဘုရားထဲမှာ ၁၀ နှစ်အောက် ကလေးတွေ စုခိုင်းပြီး လက်ဆောင်ပေး လူစည်အောင်လုပ်သွားတယ်။ နောက်ပြီး မြို့ထဲမှာရှိတဲ့ ဆင်များရှင်ဘုရားနားက စက်သုံးဆီဆိုင်မှာ ဆီတွေရောင်းပေးနေတာ။ ပုံမှန်ဆိုရင် တစ်ပတ်မှ တစ်ခါပဲ ရောင်းပေးလို့ မန္တလေးမြို့ဘက်က ရွှေကြက်ယက်ဘက်ထိ ဆီသွားထည့်နေရတာ”

ဒါ့အပြင် စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ မုံရွာမြို့မှာလည်း မြို့ခံတွေဟာ အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြတာကြောင့် နေ့လယ် ၃ နာရီကျော်ချိန် အပြင်ထွက်လာတဲ့ သူတွေကို ပစ်သတ်မယ်ဆိုပြီး စစ်အုပ်စုတပ်တွေက မြို့ခံတွေကို ခြိမ်းခြောက်ပြောဆိုသွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်အုပ်စုက နိုင်ငံတဝန်းက အသံတိတ်သပိတ်လုပ်တဲ့ မြို့နယ်တွေမှာ ဒေသခံတွေကို ခြိမ်းခြောက်တာနဲ့ အသံတိတ်သပိတ်ကို ပုံဖျက်ဖို့အတွက် မဲဆွယ်တာ၊ ပျော်ပွဲရွှင်ပွဲလုပ်တာ၊ အလှူပွဲလှည့်တာ၊ ဈေးရောင်းချတာ၊ စားနပ်ရိက္ခာပေးဝေတာစတဲ့ ပုံစံမျိုးစုံနဲ့ ဖျက်ဆီးခဲ့တာ ရှိပါတယ်။

စစ်အုပ်စုတပ်က အသံတိတ်သပိတ် မဖြစ်မြောက်ရေးအတွက် လူထုကို ခြိမ်းခြောက်ဖိအားပေးမှုတွေ ကြားကပဲ စစ်ကိုင်းတိုင်းအပါဝင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာ၀တီတိုင်းစတဲ့ နိုင်ငံတဝန်းမှာလည်း မနက် ၁၀ နာရီကနေ နေ့လယ် ၃ နာရီ လူအသွားအလာ မရှိဘဲ အသံတိတ်သပိတ်ကို အောင်မြင်စွာ ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button