မန္တလေးသတင်းအညာမြေ တော်လှန်ရေး

စဉ့်ကူး လက်ပန်လှရွာတဝိုက် စစ်အုပ်စု ဗုံးပတ်ကြဲ၊ စက်သေနတ်နဲ့ပါ ပစ်လို့ ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရ၊

စစ်ရှုံးနယ်မြေ ပြန်ရရေး ကြိုးစားတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်း မရောက်မီ ရွာတွေကို ဗုံးပတ်ကြဲနေတာ ဖြစ်၊

ထင်လင်း/MFP၊ ဒီဇင်ဘာ – ၁၂

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိမ်းချုပ်စိုးမိုးထားတဲ့ လက်ပံလှကျေးရွာနဲ့ အနီးဝန်းကျင် တဝိုက်ကို ဒီဇင်ဘာ ၁၁ရက်မှာ စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ အမျိုးသားတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရပြီး အိုးအိမ်အဆောက်အဦးတွေလည်း မီးလောင်ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စဉ့်ကူးနယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ကြိုးစားနေတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်းမရောက်မီ ကျေးရွာတွေနဲ့ အရပ်သားပစ်မှတ်တွေကို စိတ်ထင်တိုင်း ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။

 ဒီဇင်ဘာ ၁၁ရက် ညနေ ၃နာရီကျော်အချိန် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ ပြည်စိုးအောင်ရပ်ကွက်ထဲကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို နောက်ထပ် တိုက်လေယာဉ် တစ်စီးနဲ့ အနိမ့်ပျံဝဲကာ ပင်လယ်ကြီးကျေးရွာထဲကို ဗုံးကြဲချပြီး စက်သေနတ်နဲ့ပါ ရမ်းကား ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပထမတစ်ခေါက်ကြဲတာက ပြည်စိုးအောင်ဘက်ကို ကြဲသွားတာ၊ အဲ့မှာ မီးလောင်သွားတယ်၊ နောက်တစ်ခေါ်တက်လာတဲ့ ဖိုက်တာကြဲတာက ပင်လယ်ကြီးဘက်ကို ကြဲတာလည်း နှစ်လုံး၊ ပထမတစ်လုံးကလည်း အုန်းဆိုပြီးတော့ နောက်ထပ် တစ်လုံး ဆက်တိုက်ကြဲ၊ ပြီးတော့ တစ်ပတ်ပတ်ပြီးတော့ စက်လတ်နဲ့ ဆွဲချသွားတာ၊ ပေါက်ကိုင်းကွေ့ဘက်ကနေ လာတဲ့လမ်း၊ အဲ့နားကနေ ဆွဲချသွားတာ တလျှောက်ကြီး”လို့ လက်ပံလှ ရွာခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက အဲ့ဒီလို ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တာကြောင့် ဒေသခံပြည်သူ အမျိုးသား တစ်ဦး သေဆုံးကာ လေးဦး ထိခိုက် ဒဏ်ရာပြင်းထန်စွာ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ နှစ်လယ်ပိုင်းကတည်းက စဉ့်ကူးတနယ်လုံးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

စဉ့်ကူးနယ် အပါအဝင် မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်နယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ ပြန်လည် ကြိုးစားနေတဲ့ စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်း မရောက်သေးမီ စဉ့်ကူးနယ်ကျေးရွာတွေကို ထင်တိုင်းကျဲ ဗုံးကြဲနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ စဉ့်ကူးနယ်ထဲအထိ ဝင်ရောက်လာပြီး လက်ပံလှရွာနဲ့ ငါးမိုင်ကျော်အကွာ၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က ရွှေပြည်ကျေးရွာအထိ ရောက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး လေကြောင်းကို အဓိက အားပြုကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုရားစေတီနဲ့ သာသနိကအဆောက်အအုံ စတဲ့ အရပ်သားပစ်မှတ်တွေကိုပါ ထင်တိုင်းကျဲ ဗုံးကြဲနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေကို စစ်အုပ်စုက အကြိမ်ကြိမ် ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။

စဉ့်ကူးနယ် လက်ပန်လှရွာအနီးတဝိုက်းက အရပ်သားပြည်သူနေရာတွေကို ဒီဇင်ဘာ ၁၁ရက်မှာ စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button