မန္တလေးသတင်း

မြင်းခြံမှာ စစ်အုပ်စု လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်လို့ လေးရက်အတွင်း အမျိုးသမီးနှစ်ဦး သေဆုံး၊

MN/MFP ၊ ဒီဇင်ဘာ – ၁၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီဇင်ဘာလ ၇ ရက်ကနေ ၁၀ ရက်ထိ လေးရက်အတွင်း စစ်အုပ်စု လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်ခဲ့ရတာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီဇင်ဘာ ၇ ရက် ညပိုင်းက မြင်းခြံနယ်အနောက်ခြမ်းရှိ ကိုင်းကျေးရွာထဲကို ပခုက္ကူမြို့ကနေ တက်လာတဲ့ စစ်အုပ်စု စက်တပ်လေထီး နှစ်စီးနဲ့ တိုက်ပွဲမရှိဘဲ ဗုံးသီးကြဲချခဲ့တာကြောင့် ဒေသခံ အမျိုးသမီး တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသံတိတ်သပိတ်ပြုလုပ်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်မှာတော့ မြင်းခြံနယ် နန်းမြင့်တောင်ရှေ့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတပ်က အရပ်သားပြည်သူတွေ နေထိုင်နေတဲ့ ကျောက်တန်းကျေးရွာထဲကို အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ မြင်းခြံ ဒေသခံတစ်ဦးက ပြောပါတယ်။

“အကြောင်းမဲ့ ပစ်ခတ်တာပါ။ ဘာတိုက်ပွဲမှမရှိဘူး။ သေဆုံးသွားတာကတော့ အမျိုးသမီးကြီး တစ်ဦးထဲပါ။ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာ။ သူ့ခြေထောက်ကလည်း ပြတ်ထွက်ဖို့ နည်းနည်းပဲလိုတော့တာ။ နေအိမ်ထိခိုက်ပျက်စီးတာတော့ မရှိဘူး”

စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်တန်းကျေးရွာက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံနယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုနဲ့ပျူတွေ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပြင် လေကြောင်းကပါ မကြာခဏ ဗုံးကြဲပစ်ခတ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာတော့ မြင်းခြံမြို့ပေါ်က စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ရှားတောရွာက ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး လူသေဆုံးမှုဖြစ်စဉ် မရှိခဲ့ပါဘူး။

လက်ရှိ မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စု စစ်ကြောင်းထိုးတာမရှိသေးပေမဲ့ နယ်မြေချင်းထိစပ်နေတဲ့ နွားထိုးကြီးမြို့နယ်နဲ့ တောင်သာမြို့နယ်ထဲမှာတော့ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်ဆောင်နေပြီး မြေပြင်မှာစစ်ရေးအခြေအနေတွေပါ ရှုပ်ထွေးနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

မြင်းခြံမြို့နယ်ထဲမှာ အခုနှစ် ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုဝင်ဘာလထိ စစ်အုပ်စု စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ သောင်းနဲ့ချီ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီး စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ဆိုထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button