မန္တလေးသတင်းအညာမြေ တော်လှန်ရေး

သပိတ်ကျင်းနယ် စစ်ရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဆူဆိုက်ဒရုန်းနဲ့ တိုက်ခိုက်၊

သပိတ်ကျင်းအထက်ပိုင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး တွင်းငယ်နဲ့ မိုးမိတ်ဘက်ကနေ စစ်အုပ်စု နှစ်ဖက်ညှပ် စစ်ကြောင်းထိုးဖို့ ပြင်၊

ထင်လင်း/MFP၊ ဒီဇင်ဘာ – ၁၂

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်၊ ရွှေစကာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်ရာ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်တွေကို စစ်အုပ်စုက ဒီဇင်ဘာ ၁၁ ရက် ညပိုင်းမှာ ဆူဆိုက်ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ လတ်တလော စစ်ဆိုင်ထားတဲ့ သပိတ်ကျင်းနယ် တွင်းငယ်ကျေးရွာကနေ ကိုးမိုင်ကျော်အကွာမှာရှိတဲ့ ရွှေစကာကျေးရွာကို စစ်အုပ်စုက အကြောင်းမဲ့ ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနေ့ညက ရွှေစကာကို ဆူဆိုက် သုံးလုံး ချတယ်တဲ့”လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဆူဆိုက်ဒရုန်းဗုံးသီးတွေဟာ ရွှေစကာရွာ စာသင်ကျောင်းအနီးနဲ့ အရပ်သားပြည်သူ့ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ဆိုပြီး MFP အနေနဲ့ ဆက်လက် စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း သပိတ်ကျင်းမြို့ အပါအဝင် သပိတ်ကျင်းနယ်က စစ်စခန်း အများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး မြို့ပေါ်ကနေ စစ်ရှုံးပြီး ထွက်ပြေးတဲ့ စစ်အုပ်စုဟာ သပိတ်ကျင်းမြို့နယ်ရဲ့ အလယ်ပိုင်းမှာရှိတဲ့ တွင်းငယ်ကျေးရွာအနီး တတက ၁၃ ခေါ် အမှတ် ၁၃ စစ်တန်းမြင့်လေ့ကျင့်ရေးကျောင်းနဲ့  ၇ မိုင်ကျေးရွာအနီး တပ်စခန်းတွေထဲ ခိုအောင်းကာ လေကြောင်း အားကိုးနဲ့ တော်လှန်ရေးတပ်တွေကို ခုခံခဲ့ပါတယ်။ ယခု ၂၀၂၅ မှာတော့ စစ်အုပ်စုက လေကြောင်း အားကိုး၊ တရုတ်အားကိုးနဲ့ သပိတ်ကျင်းနယ်ထဲ တန်ပြန်ထိုးစစ်ဆင်ပြီး ဇူလိုင်လအတွင်းက သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူသွားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ အကြပ်ကိုင်ခြိမ်းခြောက်မှုကြောင့် တအောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် -TNLA က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်အုပ်စု လက်ထဲ ပြန်လည် လက်လွှဲပေးခဲ့ရပါတယ်။

လက်ရှိမှာ TNLA ခေါ်သွင်းလို့ မိုးမိတ်မြို့အတွင်း ပြန်ရောက်လာတဲ့ စစ်အုပ်စုက မိုးမိတ်-တွင်းငယ် လမ်း အတိုင်း သပိတ်ကျင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားလာနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

“မိုးမိတ်ဘက်က စစ်ကြောင်းကလည်း မန်ကျည်းပင်နားက ရေတံခွန်မှာ တိုက်ပွဲ ဖြစ်နေတယ်တဲ့၊ ခွေးတွေကတော့ ကျနော်တို့ တွင်းငယ် ၁၃ ဘက်ပေါ့ အဲ့ဒီအကြောတွေမှာ ရှိသေးတယ်၊ ခါတိုင်းနေရာပဲပေါ့၊ ကြာပြီ သူတို့ အဲ့ဘက်မှာ ရှိနေတာကတော့”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

တွင်းငယ်ကျေးရွာတဝိုက်မှာတော့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတချို့ မကြာခန ဖြစ်ပွါးနေပြီး အနီးအနားက ကျေးရွာတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

တရုတ်ကနေ မင်းအောင်လှိုင် ရခဲ့တဲ့ ဒရုန်းတွေနဲ့ ဒရုန်းအသုံးပြုနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button