စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဝက်လက်နယ် စစ်ရှောင်တဲတွေကို စစ်အုပ်စု ဗုံးကြဲသတ်လို့ လေးနှစ်သမီး အပါအဝင် ငါးဦး သေဆုံး၊

သေဆုံးသူတွေဟာ စစ်အုပ်စု ရန်ကြောင့် ရွှေဘိုနယ်က ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်၊

ဘဦး/MFP၊ ဒီဇင်ဘာ – ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲက စစ်ရှောင်တွေနေထိုင်ရာ နေရာကို မနေ့ကညပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ လေးနှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ငါးဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၃‌ ရက် ညပိုင်း ၉နာရီခွဲအချိန် မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဝက်လက်မြို့နယ် အရှေ့‌မြောက်ခြမ်း၊  ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက်အနီးက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ တဲတွေကို ဗုံးတွေ၊ ရော့ကတ်တွေနဲ့ ပဟ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ရှောင်တွေနေတဲ့နေရာ ပစ်သွားတာ။ တဲအိမ် ရှစ်လုံးပါ မီးလောင်သွားတယ်။ စစ်ရှောင်ပြည်သူတွေပါ စိတ်မလုံမခြုံ ဖြစ်နေကြရပြီ”လို့ ဒေသခံ စစ်ရှောင်ကူကယ်ရေးလုပ်ဆောင်နေသူတစ်ဦးက MFP ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၇၀ ကျော်အရွယ် အဖိုးအိုတစ်ဦး၊ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး၊ စုစုပေါင်း ငါးဦးဖြစ်ပြီး နောက်ထပ် ၁၀ ဦးကျော်လည်း ဒဏ်ရာရကာ တချို့က အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“တဲတွေပေါ် တည့်တည့်ကို ထိမှန်တာ။ ကနဦး သေဆုံးတဲ့ သုံးယောက်မှာ နှစ်ယောက်က ယောင်္ကျားလေး၊ တစ်ယောက်က ကျား၊မ ဆိုတာကို ခွဲခြားလို့မရတော့ဘူး။ အကုန်လုံး တစ်စစီ ဖြစ်ကုန်တာ။ ထိခိုက်ဒဏ်ရာ ရတာက ၁၀ဦးကျော် ရှီပြီး အဲ့ဒီအထဲကနေ ဒီမနက်ပိုင်းမှာ နှစ်ဦး ထပ်ပြီး ဆုံးတာကြောင့် သေဆုံးသူ ငါးဦးဖြစ်သွားတာ” လို့ ဒေသခံမြေပြင်ကင်းထောက် Wetlet Informational Network က ကိုနဂါးလေးက MFP ကို ပြောပါတယ်။

တိုက်ပွဲ မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်သွားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက စစ်ဘေးရှောင်တွေ နေထိုင်တဲ့ တဲအိမ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်အတွင်းရှိ ကုလားမရွာနဲ့ လက်ကောက်ကျရွာ စတဲ့ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက်ကာ လူသတ်၊ မီးရှို့လို့ အဲ့ဒီ ရွာခံတွေ နေအိမ်စရာ အိမ်မရှိတော့ဘဲ အသက်ဘေးက လွတ်ဖို့ ထွက်ပြေးလာပြီး ဝက်လက်နယ်ထဲ တဲထိုးနေထိုင်ချိန် အခုလို ဗုံးကြဲခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁ရက် ညသန်းခေါင်အချိန်ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကမ်းနဖူးရှိ၊ နတ်မော်ဦးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ အသက်နှစ်နှစ်အရွယ် ကလေးငယ်နဲ့ မိဘနှစ်ပါး အပါအဝင် နေအိမ်တွေထဲမှာ အိပ်နေတဲ့ ရွာခံပြည်သူ ငါးဦး သေဆုံးကာ နောက်ထပ် ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း အတုအယောင် ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဝက်လက်နယ်ထဲ နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးတာနဲ့ ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်း – ရွှေဘိုကားလမ်းနဲ့ ဝက်လက်နယ်ကို စိုးမိုးထိန်းချုပ်နိုင်ရေး အင်အား ၁၀၀၀ လောက်ကို အဖွဲ့လေးဖွဲ့ထက်မနည်း ဖြန့်ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး လူသတ်၊ လုယက်၊ မီးရှို့နေပြီး နိုဝင်ဘာလအတွင်း ဝက်လက်နယ် ကျေးရွာ ၂၀ ကျော်ကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ၁၀ ဦးကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်အုပ်စုက စစ်ကြောင်းထိုးရာမှာ ရွာမီးရှို့ရုံမက တွေ့သမျှပြည်သူကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ ညှဉ်းပန်းသတ်ဖြတ်နေလို့ ​ဝက်လက်နယ် ကျေးရွာ ၄၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရတာ တစ်လကျော်ကြာပြီ ဖြစ်ပါတယ်။

ဝက်လက်နယ်က စစ်ရှောင်တဲတွေကို ဒီဇင်ဘာ ၁၃ရက် ညပိုင်းမှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo – WIN

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button