မကွေးသတင်း

မြိုင်က သပြေညိုရေနံမှော်ကို စစ်အုပ်စုနှစ်ရက်ဆက်တိုက် ဗုံးကြဲတာကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ၊

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၁၅

မကွေးတိုင်း မြိုင်မြို့နယ်က သပြေညိုရေနံမှော်ကို ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်မှာ စစ်အုပ်စု နှစ်ရက်ဆက်တိုက် ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်ပြီး နေအိမ်တွေမီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ စစ်အုပ်စုတပ်က စစ်အုပ်စုဂျိုင်ရိုကော်ပတာသုံးစင်းနဲ့ မြိုင်နဲ့ပေါက်နယ်အစပ်က ဒေသအခေါ် သပြေညိုရေနံမှော်ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲချခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဆီပေပါတွေပါ မီးလောင်ပျက်သီးသွားတာကြောင့် ကာလတန်ဘိုးအရ ငွေကျပ်သိန်းရာချီ ဆုံးရှုံးမှုတွေရှိနေတယ်လို့ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

“လောလောဆယ် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်၊ဒီနေ့လည်းလာကြဲတယ် မနေ့ကလည်း လာကြဲတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း သပြေညိုရေနံမှော်ကို စစ်အုပ်စုတက် ဂျိုင်ရိုကော်ပတာနဲ့ဗုံးကြဲတာကြောင့် ဒေသခံနစ်ဦးသေဆုံးကာ အသက်အပြည့်သေးတဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုကို ထောက်ခံအားပေးနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်က ပြည်သူတွေလုပ်ကိုင်နေတဲ့ ရေနံမှော်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကို အောင်ပွဲခံသတင်းဖြန့်ဝေ ​ရေးသားတာတွေရှိနေပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ က မြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်တို့ကို ဗုံးကြဲပြီး ပြန်လာတဲ့ စက်တပ်လေထီးတစ်စင်းကို တော်လှန်ရေးတပ်တွေက မြိုင်နယ်တစ်နေရာမှာ ပစ်ချခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့လူအခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃ ရက်ထုတ်ပြန်ချက်မှာတော့ စစ်အုပ်စုအာဏာသိမ်းတဲ့ ငါးနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ရှိခဲ့ပြီး ပြည်သူ ၄,၄၇၀ သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button