စစ်ကိုင်းသတင်း

စစ်ကိုင်းတိုင်းက မြို့သုံးမြို့ကို စစ်အုပ်စုလေကြောင်း ဗုံးကြဲတာကြောင့် သံဃာတစ်ပါးအပါဝင် ကိုးဦး သေဆုံး၊

MN/MFP ၊ ဒီဇင်ဘာ – ၁၆

စစ်ကိုင်းတိုင်းထဲက ရွှေဘိုနဲ့ ယင်းမာပင်မြို့နယ်တွေကို မနေ့က ဒီဇင်ဘာ ၁၅ ရက်နဲ့ ဒီနေ့မှာ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာအပါဝင် ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သံဃာတော်တစ်ပါး အပါဝင် စုစုပေါင်းကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

ရွှေဘိုမြို့နယ်အရှေ့မြောက်နဲ့ အရှေ့တောင်ခြမ်းကို ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီဝန်းကျင်ထိ စစ်အုပ်စု ဂျက်ဖိုက်တာ လေးစင်း၊ ဂျိုင်ရိုကော်ပတာ သုံးစင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတစ်ပါးနဲ့ ဒေသခံ သုံးဦး သေဆုံးခဲ့တယ်လို့ Wetlet Information Network က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်းကို မုံရွာမြို့ စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် သဲကျွန်းရွာအရှေ့ဘက်နဲ့ ခရိုင်ချင်းဆက် အမှတ်-၃ လမ်းမနေရာမှာ သံဃာတော် တစ်ပါးနဲ့ ပြည်သူ သုံးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ကားသုံးစီး မီးလောင်ပျက်စီးခဲ့သလို ကားအချို့ ဗုံးသီးစ ထိမှန်ခဲ့တယ်လို့ Wetlet Information Network တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရွှေဘိုနယ်တောင်ခြမ်း သဲကျွန်းရွာအရှေ့ဘက်ကို ကြဲတာ လက်စုံစမ်းသိရှိရတာက သေဆုံးတာက လူသုံးဦးနဲ့ ဘုန်းကြီးတပါးလို့ သိရတယ်။ ထိခိုက်က လူတစ်ယောက် ခြေဖြတ်ရမယ် ပြောတယ်။ ရွှေဘိုနယ် အရှေ့မြောက်ခြမ်းက ဆီကား သုံးစီး မီးလောင်တယ်။ ပြည်သူ တစ်ဦးထိတယ်ဗျ ကနဦး စုံစမ်းရတဲ့ သတင်းပါ”

အလားတူ ယင်းမာပင်မြို့နယ်မှာလည်း မနေ့က ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ မြို့နယ်အဆင့်က ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ၊ ပလဖ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အစည်းအဝေးပြုလုပ်နေတဲ့ နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲခဲ့တာကြောင့် ခြောက်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“မနေ့က ဂျက်ဖိုက်တာနဲ့ အမေကြီးနတ်နန်းနားလေးက ရွာကို လာကြဲသွားတာ။ ခြောက်ဦး သေဆုံးသွားတယ်လို့ ကြားရတယ်ဗျ။ မြို့နယ်အဆင့် ပကဖ၊ ပအဖ တွေ အစည်းအဝေးလုပ်နေတဲ့ နေရာကို အတိအကျ လာကြဲသွားတာလို့ သိရတယ်ဗျ။ အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး”

ယင်းမာပင်နယ်ထဲ လေကြောင်းက ဗုံးကြဲမှုမှာတော့ သေဆုံးသူ စုစုပေါင်း ခြောက်ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေပါရှိခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ MFP က ဆက်လက်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်အုပ်စုတပ်ဟာ နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ရွှေဘို၊ ခင်ဦးနဲ့ သပိတ်ကျင်းမြို့နယ်အစပ်တွေကို လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူတွေ သေဆုံး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button