မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ရွာတွေ စီးနင်း၊ လူသတ်၊ မီးရှို့နေလို့ ပြည်သူ သောင်းချီ ထွက်ပြေးနေရ၊
စစ်ဘေးဒုက္ခသည် ပြည်သူတွေ စားနပ်ရိက္ခာအပြင် အအေးဒဏ်ကြောင့် စောင်တွေ အရေးပေါ် လိုအပ်၊
စစ်ဘေးဒုက္ခသည် ပြည်သူတွေ စားနပ်ရိက္ခာအပြင် အအေးဒဏ်ကြောင့် စောင်တွေ အရေးပေါ် လိုအပ်၊
ဘဦး/MFP၊ ဒီဇင်ဘာ – ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စစ်ကြောင်းထိုး စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ဒေသခံပြည်သူ ၂၀,၀၀၀ နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာအပြင် ရာသီဥတု အေးဒဏ်ကြောင့် စောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ချောင်းဦးနဲ့မုံရွာမြို့နယ်အစပ်က အိမ်ခြေ ထောင်ချီရှိတဲ့ ကျီကုန်းကျေးရွာ အပါအဝင် မုံရွာနဲ့ ချောင်းဦးမြို့ကြားက ကျေးရွာတွေကို နိုဝင်ဘာ လကုန်ပိုင်းက စတင်ကာ စစ်အုပ်စုက စစ်ကြောင်းထိုး စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
“စစ်ရှောင်ရတာ ၁၅ ရက် ကျော်ပြီ၊ လက်နက်ကြီးရန်၊ လေကြောင်းရန်ကလည်း ကြောက်နေရတယ်၊ ကူကယ်ရေး (ကူညီကယ်ဆယ်ရေး) လုပ်နေပေမယ့် စစ်ရှောင် အရေအတွက် များတော့ မလောက်ငှတော့တဲ့ အခြေနေနဲ့ ရင်ဆိုင်နေရတယ်” လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ချောင်းဦးမြို့နယ် တာဝန်ခံက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ နိုဝင်ဘာ ၃၀ရက်က စတင်ကာ ကျီကုန်းရွာထဲ စီးနင်း အထိုင်ချ တပ်စွဲနေပြီး ကျေးရွာအတွင်းက ရေခဲသေတ္တာ၊ အဲကွန်းနဲ့ ဆန်၊ ဆီ စတဲ့ မီးဖိုချောင်ပစ္စည်းကအစ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် နေအိမ်တွေကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးလို့ ရွာလုံးကျွတ်နီးပါး ပြာကျ ပျက်စီးသွားပြီလို့ ယူဆရကြောင်း ရွာခံတွေက ပြောပါတယ်။
ကျီကုန်းရွာကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက် မီးရှိုတဲ့ စစ်အုပ်စုက ကျီကုန်းအရှေ့ရွာ ကျောင်းသစ်ကျောင်းကို ဖောက်ထွင်းခိုးယူချိန် ကျောင်းတိုက်အတွင်း သီတင်းသုံးတဲ့ အဘိဝံသ ဘွဲ့တော်ရ ဆရာတော် ဦးသုမနာဘိဝံသ အား သတ်ဖြတ်ခဲ့သလို နောက်ထပ် ရွာခံ လေးဦးထက်မနည်းကိုလည်း သတ်ဖြတ်ထားပြီး ရွာခံတချို့ကိုလည်း ဓားစာခံ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျီကုန်းရွာထဲကနေ ညစဉ်ညတိုင်း အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေသလို စိတ်ထင်တိုင်း စစ်ကြောင်းထိုးစီးနင်းတာ၊ လေကြောင်း ဗုံးကြဲတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ကျီကုန်းရွာ အပါအဝင် ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့်၊ အမြင့်၊ မြင်သာ၊ ပုံနမော် စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ချောင်းဦးမှာ စစ်ရှောင်ဦးရေက ထပ်တိုးနေတယ်။ ဆန်၊ ဆီ၊ အရေးပေါ် ရိက္ခာတွေ လိုအပ်တယ်” လို့ ဒေသတွင်း စစ်ရှောင်အရေး ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
မုံရွာနဲ့ ချောင်းဦးနယ်အစပ် ကျေးရွာတွေက စစ်ဘေးရှောင်နေရသူ ၂၀၀၀၀ နီးပါ ရှိပြီး စားနပ်ရိက္ခာအပြင် ရာသီဥတု ချမ်းအေးတာကြောင့် စောင်နဲ့ အနွေးထည်လည်း လိုအပ်နေပြီး နာတာရှည်ရောဂါရှိသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ မကြာခင် လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမတိုင်မီ မုံရွာနဲ့ ချောင်းဦးနယ်ထဲ နယ်မြေစိုးမိုးနိုင်ရေးအတွက် လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
ချောင်းဦးနယ်က စစ်ဘေးရှောင်ပြည်သူတွေ/Photo – မောင်ကောင်း၊ CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



