MN/MFP ၊ ဒီဇင်ဘာ – ၁၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အထဲက ခင်ဦးမြို့နယ်မှာ မန္တလေးတိုင်းဘက်က စစ်ဘေးတိမ်းရှောင်လာတဲ့ ပြည်သူတွေကို ဒီဇင်ဘာ ၁၆ရက်နဲ့ ၁၇ ရက်မှာ စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် သေဆုံးထိခိုက်မှုတွေရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မန္တလေးတိုင်းထဲက စစ်ရှုံးနယ်မြေတွေကို စစ်အုပ်စုက ပြန်လည်ထိုးစစ်ဆင်ကာ နယ်မြေချဲ့ထွင်ရေးအတွက် စစ်ကြောင်းထိုးနေတာကြောင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် စတဲ့ မြို့နယ်တွေက သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ဧရာဝတီမြစ်အနောက်ဘက်ရှိ ခင်ဦးနယ်အပါဝင် နယ်မြေချင်းထိစပ်နေတဲ့ ရွှေဘိုမြို့နယ်ထဲမှာ စစ်ဘေးတိမ်းရှောင် နေကြတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မှာတော့ မန္တလေးတိုင်းဘက်ကနေ ဧရာဝတီမြစ်ဖြတ်ကူးကာ ခင်ဦးမြို့နယ်ထဲ စစ်ဘေးတိမ်းရှောင်လာတဲ့ ပြည်သူတွေပေါ်ကို မနက် ၉ နာရီကျော်ကနေ ညနေပိုင်းထိ ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက MFP ကို ပြောပါတယ်။
“မနေ့က ဗုံးကြဲတာတော့ ပြည်သူတွေ ထိခိုက်မှုမရှိဘူး။ ဒီကနေ့ကတော့ စစ်ဘေးရှောင်ပြည်သူတွေ ဇက်ကူးနေတဲ့အချိန်မှာ လာပစ်သွားတာဆိုတော့ ထိခိုက်မှုရှိတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ မသိရသေးဘူး။ ကျွန်တော်တို့လည်း မနေ့က မြေပြင်မှာကူညီပေးဖို့ရှိနေပေမဲ့ ဒီကနေ့မရှိတော့ စာရင်းအတိအကျမသိရသေးဘူးဖြစ်နေတာ။ ပြည်သူတွေ ထိတာတွေရှိတယ်။ အခု သူတို့(စစ်အုပ်စု) ဗုံးလာကြဲနေတာတွေက စစ်ရှောင်ပြည်သူတွေပါ တခြားဟာတွေ မဟုတ်ပါဘူး။ ဟိုဘက်မှာ စစ်ကြောင်းထိုးနေလို့ ပိတ်မိမှာစိုးတော့ မနေရဲကြလို့ ဒီဘက်ကို ကူးလာနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေပါဗျ။ ဗုံးကြဲတာက တိုက်ပွဲဖြစ်တာမဟုတ်ဘဲနဲ့ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ဗုံးကြဲနေတာပါ”
ဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရခဲ့တဲ့ စစ်ရှောင်ပြည်သူတွေရဲ့နောက်ဆက်တွဲ အခြေအနေနဲ့နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို MFP က ဆက်လက်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
အလားတူ ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတာကြောင့် ရွှေဘိုနယ်ထဲမှာ စစ်ဘေးတိမ်းရှောင်လာတဲ့ သံဃာတစ်ပါးနဲ့ ပြည်သူသုံးဦး သေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရကာ ကားသုံးစီးမီးလောင်ပျက်စီးခဲ့သလို ကားတချို့ ဗုံးစထိမှန်ခဲ့တယ်လို့ Wetlet Information Network က သတင်းထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့နယ်ထဲမှာ စစ်အုပ်စုတပ်က ဒီကနေ့ မနက် ၉ နာရီကျော်ကစပြီး လက်ရှိအချိန်အထိ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်၊ ဂျိုင်ရိုကော်ပတာတွေအပါဝင် လေကြောင်းကနေ အကြိမ်ရေ သုံးဆယ်ထက်မနည်း ဗုံးကြဲပစ်ခတ်ခံထားရတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
လက်ရှိမှာ မန္တလေးတိုင်းထဲက လေးမြို့နယ်ဖြစ်တဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် စတဲ့ မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေ သိန်းနဲ့ချီပြီး ခင်ဦး၊ ရွှေဘို စတဲ့ နီးစပ်ရာ မြို့နယ်တွေမှာ လာရောက်တိမ်းရှောင်နေကြတာဖြစ်ပြီး စားနပ်ရိက္ခာ အကူညီတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



