စစ်ကိုင်းသတင်း

ခင်ဦးနယ်ကို စစ်အုပ်စု လေကြောင်းကနေ လေးရက်ဆက်တိုက် ဗုံးကြဲတာကြောင့် သေဆုံးသူဒါဇင်ချီနဲ့ ဒဏ်ရာရသူ ၃၀ ကျော်ရှိနေ

ရွှေဥ / MFP၊ ဒီဇင်ဘာ – ၁၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်အုပ်စုတပ်က ဒီဇင်ဘာလ ၁၆ ရက်ကနေ ဒီနေ့အထိ လေးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် သေဆုံးသူ ဒါဇင်ချီရှိနေသလို သုံးဆယ်ထက်မနည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ သုံးရက်ဆက်တိုက် ခင်ဦးနယ် ရွှေဘို -မြစ်ကြီးနား လမ်းမပေါ်မှာရှိတဲ့ ခင်ဦး(မြေနီရှို)လမ်းဆုံနဲ့ မြို့အရှေ့တောင်ဘက်မှာရှိတဲ့ မြစ်ဆိပ်နှစ်ခုနဲ့ ကျေးရွာတစ်ရွာကို ဂျက်ဖိုက်တာလေးစင်း၊ စက်တပ်လေထီး ဂျိုင်ရိုကော်ပတာသုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာတော့ ဂျက်ဖိုက်တာတစ်စင်း၊ အသေခံ ဒရုန်းငါးစီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ရွှေဘို -မြစ်ကြီးနား လမ်းမပေါ်က မြေနီရှိုလမ်းဆုံဗုံးကြဲမှုမှာ ပြည်သူရှစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သလို မြစ်ဆိပ်နှစ်ခု လေကြောင်းတိုက်ခိုက်မှုမှာတော့ စစ်ဘေးရှောင် ခုနစ်ဦးနဲ့ ဒဏ်ရာရရှိသူ ၁၅ ဦးခန့် ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရွှေဘို -မြစ်ကြီးနားလမ်းမပေါ်က မြေနီရှိုလမ်းဆုံ ကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကနေ အသက်ရှင် လွတ်မြောက်လာတဲ့ ခင်ဦးဒေသခံတစ်ဦးကတော့ ပစ်ခတ်ပြီး မိနစ်ပိုင်းအတွင်းမှာ မီးလောင်ကျွမ်းတာနဲ့ ဗုံးစထိမှန်သေဆုံးသူတွေ တွေ့ခဲ့တယ်လို့ ပြောပါတယ်။

“ပထဆုံးပစ်တာကရော့ကတ်နဲ့ ပစ်တာ၊ ဆီခြံကို ပစ်လိုက်တာ အောင်ဇေဆိုတဲ့ ဆီခြံကို အဲ့ဒီမှာ ကျော်ဇင်လက်ဖက်ရည်ဆိုင်ကို ပစ်တာ၊ အဲ့ဒီမှာ ပေပါ အလုံး (၃၀၀) လောက်ရှိတယ်။ဘောက်ဆာ တစ်စီးရယ်။ ၁၂ ဘီးတစ်စီး လောင်သွားတယ်။အလောင်းက အတည်ပြုလို့ ရတာက ရှစ်ယောက်လောက်ရှိတယ်။ မီးပုံဘေး သေနေတဲ့ဟာတွေ ဒဏ်ရာရတဲ့ သူတွေက အနည်းဆုံး ၁၅ ယောက်ကတော့ ရှိတယ်”

စစ်အုပ်စုတပ်တွေဟာ ရွှေဘို -မြစ်ကြီးနား လမ်းမပေါ်က ကားအစီးထောင်ချီ ပတ်မိနေတဲ့ ကားတန်းတွေ၊ ကျော်ဇင်လက်ဖက်ရည်ဆိုင်နဲ့ လူစုလူဝေးနဲ့ အင်တာနက်အသုံးပြုနေကြတဲ့ အောင်ဇေဆီခြံ ကို ဂျက်ဖိုက်တာလေးစင်း ဂျိုင်ရိုကော်ပတာသုံးစင်းနဲ့ ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဆေးဝါးကုသမှုခံယူနေကြပြီး အသက်ဘေးက လွတ်မြောက်လာသူတွေကတော့ တောတောင်တွေနဲ့ လေကြောင်းရန် ကင်းလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

အလားတူ စစ်အုပ်စုတပ်တွေက ဒီဇင်ဘာလ ၁၈ ရက် ည၁၀ နာရီကျော်မှာလည်း ခင်ဦးမြို့နယ်က ငါးတင်ကြီးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင် အရပ်သားတွေ ထိခိုက်သေဆုံးတာ ရှိနေတယ်လို့ ခင်ဦးမြို့နယ်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မနေ့ညက ၁၀ နာရီခွဲ လောက်မှာလဲ ခင်ဦးမြို့နယ် အရှေ့ခြမ်း ငါးတင်ကြီးရွာကို လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်သွားတယ်။ မနေ့က အတည်ပြုနိုင်တာကတော့ ဒဏ်ရာ ရ စာရင်းကို မသိသေးဘူး ။မနေ့ကညက တစ်ဦး သေဆုံးတယ်လို့ စာရင်းရထားပါတယ်။ဒီနေ့ ၁၉ ရက်မှာလဲ ကာမီကာဆယ်ဒရုန်းငါးစီးနဲ့ မြစ်ကြောင်းဘက်မှာ တိုက်ခိုက်သွားတယ်။
ဖိုက်တာတစ်စီး လာပြီး ကြဲသွားတယ်။ လက်ရှိတိုက်ခိုက်ခံနေရတဲ့ နေရာတွေက စစ်ရေးပစ်မှတ်လုံးဝ မဟုတ်ဘူး ၁၆ရက်နဲ့ ၁၇ရက်မှာတိုက်ခိုက်သွားတဲ့ ဆိပ်ကမ်းဆိုတာကလဲ တိုက်ပွဲလဲမဖြစ်ဘူး။ စစ်ရေးပစ်မှတ်မဟုတ်ဘူး ။အရပ်သားပစ်မှတ်တွေပဲ ရွေးတိုက်ခိုက်တာ ။ခင်ဦးမြို့နယ်ကရွှေးကောက်ပွဲ လုပ်နိုင်တဲ့ အထဲမပါဘူး။ရွေးကောက်ပွဲ စာရင်းထဲမှာလဲမပါဘူး”

စစ်အုပ်စုတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် တချိန်ထဲမှာပဲ ဒရုန်းနဲ့ကင်းထောက်လှမ်းတာတွေ လုပ်ဆောင်နေတာနဲ့ ဖုန်းနဲ့အင်တာနက်လိုင်း အခက်အခဲတွေကြောင့် သေဆုံးထိခိုက်သူတွေရဲ့အသေးစိတ် အချက်အလတ်တွေကိုတော့ MFP အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်စုတပ်က ခင်ဦးမြို့နယ်အပါအဝင် ၊ရွှေဘို ၊ဝက်လက် ၊ကောလင်း ၊မော်လိုက် ၊စစ်ကိုင်း ၊ချောင်ဦး ၊ကန့်ဘလူ ၊ကျွန်းလှ ၊ဘုတလင်စတဲ့ မြို့နယ်တွေကို နေ့စဉ်လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် နှစ်ပတ်အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့လူအခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ ၃ ရက်ထုတ်ပြန်ချက်မှာတော့ စစ်အုပ်စုအာဏာသိမ်းတဲ့ ငါးနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ရှိခဲ့ပြီး ပြည်သူ ၄,၄၇၀ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button