စစ်ကိုင်းသတင်း

ဝက်လက်နယ်ကို စစ်အုပ်စု ပေါင် ၂၅၀  ဗုံးသီး ကြဲချတိုက်ခိုက်တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးဒဏ်ရာရ၊

ရွှေဥ / MFP၊ ဒီဇင်ဘာ – ၁၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ဘက်မှာရှိတဲ့ သန်းကုန်းရွာအနီးကို စစ်အုပ်စုတပ်တွေက ဒီဇင်ဘာ ၁၉ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာတစ်စင်းနဲ့ ပေါင် ၂၅၀ ဗုံးသီးနှစ်လုံးကြဲချ တိုက်ခိုက်တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဝက်လက်မြို့နယ် တော်လှန်ရေးအင်အားစုဖြစ်တဲ့ Wetlet Informational Network က ထုတ်ပြန်ပါတယ်။

ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ်ကိုစောထွန်း၊ အသက် ၃၄ နှစ်အရွယ်ကိုမျိုးအောင်၊ အသက် ၅၀ အရွယ်ဒေါ်နီတို့ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဝက်လက် အရှေ့ ခြမ်းကိုတော့ အခု လေးတင်ပဲ ဖိုက်တာ ပစ်သွားတယ်ဗျာ။ လက်ရှိကတော့ ဗုံးသီးကျတဲ့နေရာ မီးလောင်နေတယ်လို့ သိရတယ်။ ဟိုတစ်နေ့က ကျနော်တို့ ထိုးဘိုကို ပစ်တဲ့နားလို့ သိရတယ်။ ဟိုတစ်ခါ ညကြီး ပစ်တဲ့နေရာတဲ့”လို့ Wetlet Informational Network ပြန်ကြားရေးတာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

လက်ရှိ လေကြောင်းတိုက်ခိုက် ခံရတဲ့နေရာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခံထားရသလို စစ်အုပ်စုတပ်တွေက ဒီနေ့မှာလည်း နှစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးတချို့ မီးလောင်နေပြီး မီးငြိမ်းသတ်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း မြို့အရှေ့ခြမ်းသစ်ဆိပ်ရွာကို အသေခံဒရုန်း (Suicide) ဒရုန်းနှစ်စီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် သံဃာတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာ ၁၈ ရက် နေ့ တစ်ရက်တည်းမှာပဲ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဆည်တောရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၀အရွယ်တွေဖြစ်တဲ့ ဦးညွှန့်ဝေနဲ့ ဒေါ်မြင့်ကြည်၊ အသက် ၂၅ နှစ်အရွယ် ကိုဇေယျာထွန်း၊ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး နေအိမ်သုံးလုံးနဲ့ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ နှစ်ပတ်ကျော်အတွင်း အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီးတော့ ဒေသခံ နှစ်ထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button