မကွေးသတင်း

မြိုင်နယ်မြောက်ပိုင်းက ရွာတွေကို စစ်အုပ်စု သုံးရက်ဆက်တိုက် ဗုံးကြဲတာကြောင့် ပြည်သူတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ၊

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်အုပ်စုတပ်က ဒီဇင်ဘာလ ၂၀ ရက်ကနေ ၂၂ ရက်အထိ သုံးရက်ဆက်တိုက်  လေကြောင်းကနေ  ဗုံးကြဲတာကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နေ့စဉ် ဗုံးကြဲသတ်ဖြတ်ခံနေရတဲ့ ​ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားနေတာ မရှိသလို ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း နေထိုင်နေတာမျိုးမရှိဘဲ စစ်အုပ်စုတပ်က လေကြောင်းကနေ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဗုံးကြဲနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်ကလည်း ဘုန်းကြီးကန်ရွာထဲကို ဂျိုင်ရိုကော်ပတာနဲ့ ၁၂၀ မမ ဗုံးသီးနှစ်လုံး  ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် ကလေးမိခင်ဖြစ်သူ ဒေါ်

ဆည်းဆာအောင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဦးမြင့်သိန်းကတော့ ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဗုံးကြဲတာက သုံးရက်ဆက်တိုက်ရှိနေပြီး ၊ကန်ကြီးရွာ၊မနေ့က ဘုန်းကြီးကန်၊ ဒီနေ့ကရွာသစ်ကုန်းနဲ့ မြိုင်နယ်မြောက်ပိုင်းကို သုံးရက်ဆက်တိုက်ရှိနေပြီ။စကစ က သူတို့မစိုးမိုးနိုင်တဲ့နေရာကို အကြောက်တရားတွေပေးနေတာပါ”

စစ်အုပ်စုတပ်ဟာ ဒီဇင်ဘာလ ၂၂ ရက် ဒီနေ့မှာလည်း ရွာသစ်ကုန်းကျေးရွာကို ဂျက်ဖိုက်တာအမျိုးအစား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ကနဦး စုံစမ်းရပြီး ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် MFP အနေနဲ့ အတိအကျ မသိရငေးပါဘူး။ 

စစ်အုပ်စုတပ်က မကွေးတိုင်းက ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို နေ့စဉ်ဗုံးကြဲ သတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေပေမဲ့ စစ်အုပ်စုကို အားပေးထောက်ခံနေကြတဲ့ စစ်လော်ဘီချန်နယ်တွေမှာတော့ PDF တွေကို ဗုံးကြဲနေတာလို့ လိမ်လည်သတင်းဖြန့်ဝေ ရေးသားနေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြိုင်မြို့နယ်တောင်ပိုင်းက ရွာတွေကို ပခုက္ကူတပ်မ – ၁၀၁ က အင်အားတစ်ရာနီးပါးပါတဲ့ စစ်အုပ်စုနဲ့ပျူစောထီးပူးပေါင်းကာ စစ်ကြောင်းထိုးနေပြီး ဇောင်ဂျမ်းကုန်းကျေးရွာက နေအိမ် ၂၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးပြီးနောက် အိုရင်းကျေးရွာ၊ မြေရင့်ကျေးရွာ‌တို့က ပြည်သူ‌တွေပိုင်ဆိုင်တဲ့ စားနပ်ရိက္ခာတွေကို ခိုးယူသယ်ဆောင်သွားပြီး ပျူစောထီးစခန်းတွေဆီကို ပို့ဆောင်နေတာဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button