သတင်း

ဗန်းမောက်နယ်အနောက်ခြမ်းက ဘုန်းကြီးကျောင်းကို စစ်အုပ်စုဗုံးကြဲတာကြောင့် သံဃာတစ်ပါးအပါအဝင် ခုနစ်ဦးဒဏ်ရာရ၊

နွေဦး/MFP ၊ ဒီဇင်ဘာ-၂၃

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်နယ်အနောက်ခြမ်း မံလူကျေးရွာအုပ်စုက ကံကြီးကုန်းရွာကို ဒီဇင်ဘာလ ၂၁ ရက်ညပိုင်းမှာ စစ်အုပ်စုတပ်လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သံဃာတစ်ပါးအပါအဝင် ခုနစ်ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကံကြီးကုန်းရွာအလယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ သံဃာတစ်ပါးနဲ့ စစ်ရှောင်ခြောက်ဦးထိမှန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေအထဲက ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသားနှစ်ဦးတို့ဟာ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“ပေါင်သုံးရာဗုံးကျတယ်လို့ ကြားတယ်၊ အဲဒီရွာမှာက ရှမ်းနီအများဆုံးနေကြတာ၊ ဗန်းမောက်တိုက်ပွဲဖြစ်တော့ ဟိုပြေးဒီပြေးနဲ့စစ်ရှောင်ရင်း ကံကြီးကုန်းဘက်ရောက်သွားတာလည်း ရှိတယ်။ စစ်ရှောင်တွေလည်း တော်တော်ရှိတယ်။ နှစ်ထပ်ဆောင်ဘေးတည့်တည့်ကို ဗုံးကြဲတာ အပေါ်ထပ်က ဦးပဉ္ဖင်းရော အောက်ထပ်က ထိုင်နေတဲ့ စစ်ရှောင်မိသားစုရော ထိတာလို့ကြားတယ်။ အဲဒီရွာက ဖုန်းလိုင်းရောအင်တာနက်ရော ပြတ်နေကြတော့ တော်ရုံသတင်းစကား မကြားရဘူး”

ထိခိုက်ဒဏ်ရာရသူတွေဟာ မြို့အနောက်ခြမ်းက ကံကြီးကုန်းရွာမှာပဲ ပိတ်မိနေကြပြီး ဆေးဝါးကုသဖို့အတွက်လည်း အခက်အခဲတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။

စစ်အုပ်စုတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရဲ့နာမည်နဲ့ အသေးစိတ်အခြေအနေကိုတော့ MFPအနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

လတ်တလောမှာလည်း စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြို့အနောက်ခြမ်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး လေကြောင်းကနေ ဗုံးကြဲတာတွေလည်း ပိုများလာတယ်လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်ကနေ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀ ရက်နေ့ပဲ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo – ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button