စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်ကိုင်းဖယ်ဒရယ်ယူနစ် အစိုးရ ဒု-ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁၁ ဦးနဲ့ ရှေ့နေ့ချုပ်တို့ အတည်ပြု ခန့်အပ်၊

ရွှေဥ/MFP ၊ ဒီဇင်ဘာ-၂၂

စစ်ကိုင်းဖယ်ဒရယ်ယူနစ် ကြားကာလအစိုးရ ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး အပါအဝင် ဝန်ကြီး ၁၁ ဦး၊ ရှေ့နေချုပ်တစ်ဦး စုစုပေါင်း ၁၂ ဦးကို အတည်ပြုခန့်အပ်လိုက်တယ်လို့ စစ်ကိုင်းဖယ်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ဒီနေ့မှာ ကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ပုံမှန် အစည်းအဝေးမှာ ဒု-​ဝန်ကြီးချုပ်၊ ဝန်ကြီးနဲ့ ရှေ့နေချုပ်တို့ အတည်ပြုခန့်အပ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကိုင်းဖယ်ဒရယ်ယူနစ် ကြားကာလအစိုးရမှာ တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေး အပ်ခံရသူတွေကတော့ ဒုတိယဝန်ကြီးချုပ်အဖြစ် ဒေါက်တာအောင်နေဝင်း၊ ကာကွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးအဖြစ် ဦးကိုကိုအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမိုးမင်းဝင်း၊ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးခန့်ဝေဖြိုး၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာတင်အောင်မိုး၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာမြင့်အောင်၊ လူသားချင်းစာနာမှု ကူညီရေး ပြည်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးတိုးဝေအောင်၊ လျှပ်စစ်စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးသန်းလှိုင်၊ သစ်တောနှင့် သယံဇာတရေးရာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဇင်မင်းထွန်း၊ တိုင်းရင်းသားလူမျိုးစုရေးရာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဘွဲ့ဟုပ်ထန်း၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်ရတီအုန်း၊ ရှေ့နေချုပ် အဖြစ် ဦးအောင်ချစ်ညို(ခ)နယူတန်တို့ကို ဖြစ်ပါတယ်။

“စစ်ကိုင်းဖက်ဒရယ်ယူနစ်တစ်ရပ်ရဲ့ ကြားကာလ အစိုးရတစ်ရပ်ကို အောင်မြင်စွာ ဖွဲ့စည်းတာဝန် ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တော်လှန်ရေးနဲ့ ပြည်‌ထောင်စုနဲ့ အတွက် အားကိုးထိုက်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ဖို့ များစွာ ဆက်လက် ကြိုးပမ်း ထမ်းဆောင်ကြရအုံးမှာ ဖြစ်ပါတယ်။ မတူညီတဲ့ အင်အားစုတွေကို စုစည်းထားတာမို့ နားလည်မှုနဲ့ ပေါင်းစပ်နိုင်ဖို့ကသာလျှင် အဓိက ကြပါလိမ့်မယ်။ ညှိုနှိုင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက် ပေးရတဲ့အခါတိုင်း တော်လှန်ရေး အမြန် ပြီးမြောက်ဖို့နဲ့ ပြည်ထောင်စုအတွက် ရှေ့တန်းတင်ပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ လုံးဝ ယုံကြည်ထားပြီး ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဧည့်သည်တော်များခင်ဗျား ပြဿနာ အခက်အခဲ အားလုံးကို အစိုးရ တစ်ဖွဲ့တည်းက ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အရမ်းခက်ခဲပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံရေး အင်အားစုများက တာဝန်ရှိသူတွေကလည်း ယခင်ကလို စုစည်းပြီး ဆက်လက် ဆောင်ရွက်သင့်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အတူတကွ စုပေါင်းပြီး ကိုယ်စားပြုမှု ပြုလောက်တဲ့ ယူနစ်အစိုးရ တစ်ရပ် ဖွဲ့စည်းဆောင် နိုင်ဖို့ ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးဖို့ လုပ်ငန်စဉ်တစ်ရပ် ရှိနေပါ့မယ်။ တော်လှန်ရေးကို အထောက်အကူပြုစေမယ့် ဘုံနိုင်ငံရေး သဘောတူညီချက်များနဲ့ ဆက်လက်ပြီး ညှိနိုင်းဆောင်ရွက်ခြင်း ဆိုတဲ့ လုပ်ငန်းစဉ်တွေ ဆက်ရှိပါ့မယ်”လို့ စစ်ကိုင်း ဖယ်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားလက အစိုးရအဖွဲ့ကို CDM နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော် ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်း သပိတ်အင်အားစု၊ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကျန်းမာရေး မိသားစု၊ စစ်ကိုင်းဖိုရမ် ဖက်ဒရှေးရှင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားလူမျိုးများ အင်အားစု၊ စစ်ကိုင်းဖက်ဒရယ် ယူနစ်ကြားကာလ အစိုးရအဖွဲ့နဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အင်အားစုတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး တော်လှန်ရေးကို အထောက်အကူ ဖြစ်စေမဲ့ ဘုံသဘောတူညီချက်တွေကိုတော့ ညှိုနိုင်း‌ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ဝင်တွေ ခန့်အပ်တဲ့ လွှတ်တော် အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွှန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့လည်း တက်ရောက် ခဲ့ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်မှာ ကိုယ်စားပြု ကော်မတီဝင် ၂၉ ဦး ပါဝင်ပြီး အဲဒီ ကော်မတီဝင်တွေဟာ ၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button