ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမှာ အတင်အဆင်း ကားအစီးရေထောင်ချီ နှစ်ပတ်အကြာပိတ်မိနေ၊
စစ်အုပ်စုတပ်က မြေပြင်ကနေ လမ်းတွေပိတ်ဆို့ပြီး လေကြောင်းကနေ ခရီးသည်နဲ့ စစ်ရှောင်တွေကို ဗုံးကြဲသတ်ဖြတ်
နွေဦး /MFP ၊ ဒီဇင်ဘာ-၂၄
မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်းရဲ့ အဓိကကုန်သွယ်ရေးလမ်းမဖြစ်တဲ့ ရွှေဘို-မြစ်ကြီးနားဗျုဟာလမ်းကို စစ်အုပ်စုတပ်က နှစ်ပတ်အကြာပိတ်ထားတာကြောင့် ကားအစီးရေ ထောင်ချီပိတ်မိနေတယ်လို့ အဲဒီလမ်းကိုရောက်ရှိခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဗျုဟာလမ်းမမှာရှိတဲ့ ကျီကျင်းရွာဂိတ်စခန်းနဲ့ ဘူးကုန်းရွာကနေ ဇီးကုန်းမလည်လမ်းဆုံအထိကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းက စစ်အုပ်စုတပ်တွေက ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် ကားအစီးရေထောင်ချီ ပိတ်မိနေတာလို့ ဆိုပါတယ်။
ပိတ်မိနေတဲ့ ကားတွေအထဲမှာ ခရီးသည်တွေနဲ့ ကုန်စည်တင်ဆောင်နေတဲ့ ကုန်တင်ယာဉ်တွေ၊ စက်သုံးဆီတင်ယာဉ်တွေ ပါဝင်နေသလို စစ်အုပ်စုတပ်ကလည်း ဒီနေ့အထိ ပြန်မဖွင့်ဘဲ လေကြောင်းကနေပါ ဗျုဟာလမ်းပေါ်ကို ဗုံးကြဲပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ ပိတ်မိနေတဲ့ကားတွေကို ယာယီသွားလာနိုင်အောင်စီစဉ်ပေးနေတယ်လို့ MFP ကိုပြောပါတယ်။
“ကျနော်တို့ဘက်ကလဲ ပိတ်မိနေတဲ့ကားတွေ ယာယီ သွားလာလို့ရအောင် ပြင်ဆင်ပေးနေပါတယ်။ ကွင်းလမ်းတွေက်ုလည်း မပိတ်ပါဘူး။ ဒါပေမဲ့ အချိန်သတ်မှတ်လိုက်တာတော့ ရှိပါတယ်။ မနက် ၆ ည ၆ အထိပဲ ဖြတ်သန်းခွင့် သတ်မှတ်လိုက်တာမျိုးပါ။ ဒါကလည်း လတ်တလော စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယာယီပြောင်းလိုက်တာပါ”
ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့မနက် ၁နာရီဝန်းကျင်မှာလဲ ကန့်ဘလူနယ်တောင်ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာရှိပေမဲ့ MFPအနေနဲ့ အတိအကျ မသိရသေးပါဘူး။ စစ်အုပ်စုတပ်ရဲ့ လမ်းပ်ိတ်ဆို့မှုကြောင့် ခရီးသွားတွေအနေနဲ့ ကွင်းလမ်းတွေကနေ ရှောင်ကွင်းသွားလာနေကြပေမဲ့ လမ်းခရီးကြမ်းတမ်းမှုကြောင့် အဲဒီလမ်းတွေမှာပါ ကားပိတ်ဆို့မှုတွေ ဖြစ်နေပြီး ခရီးသည်အများစု သောင်တင်နေကြတယ်လို့ အဲဒီလမ်းကို ဖြတ်သန်းသွားလာခဲ့သူတစ်ဦးက ပြောပါတယ်။
“လမ်းတွေကဆိုးတော့ ကားတွေဗိုက်မလွတ်တာတွေကြုံရတယ်။ တစ်စီးလမ်းချော်ပြီဆို ကားတန်းတစ်ခုလုံးပိတ်ပြီ။ ဘာမှဆက်လုပ်လို့မရခဲ့ဘူး။ ကျွန်တော် မြစ်ကြီးနားကို မန္တလေးကတက်ခဲ့တာ ဒီဇင်ဘာ ၁၄ ရက်ကတက်တာ လမ်းပိတ်တာနဲ့တိုးတော့ ကွင်းလမ်းတွေက ပြန်ခေါက်မောင်းတာတောင် မနေ့ကမှ ခင်ဦးလမ်းဆုံကို ရောက်တယ်။ ကားဘယ်လောက်များလဲ စဉ်းစားကြည့်ပေါ့။ မြစ်ကြီးနားမရောက်သေးဘူး။ ကားပေါ်ပါတဲ့ ခရီးသည်တွေလည်း ပိတ်မိနေတဲ့ ရက်ကြာလာတော့ပိုက်ဆံပြတ်ကြတာတွေရှိတယ်”
စစ်အုပ်စုတပ်ရဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် ပိတ်မိနေကြတဲ့ခရီးသွားတွေဟာ တောအစပ်တွေမှာ ပုန်းရှောင်နေထိုင်နေကြရသလို နေ့ရောညပါ လမ်းတွေပေါ်မှာ ဖြစ်သလိုနေထိုင်နေကြရတာကြောင့် စားရေးသောက်ရေးနဲ့ကျန်းမာရေးကိစ္စတွေမှာပါ အခက်အခဲတွေ ကြုံနေရတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်ကလည်း အမှတ်-၃ လမ်းမအနီးက သင်ပေါင်းရွာလမ်းဆုံကို ဧရာ၀တီမြစ်တစ်ဖက်ကမ်း သပိတ်ကျင်းမြို့နယ် ချောင်းသလဲဆိပ်ကမ်းကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာခန့်လိုက်ပါလာတဲ့ စက်လှေကို လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ်ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ခုနစ်ဦးသေဆုံးခဲ့ပြီး ခရီးသည်တင်ကားတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ရွှေဘို-မြစ်ကြီးနားလမ်းမပေါ်က ခင်ဦးလမ်းဆုံ(မြေနီရှို)အနီးက ခရီးသွားနဲ့စစ်ရှောင်တွေ စတားလင့်ခ်အင်တာနက် ဝိုင်းသုံးနေကြတဲ့ အောင်ဇေဆီခြံကို လေကြောင်းကနေ ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က သတင်းထုတ်ပြန်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



