မကွေးသတင်း

မြိုင်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချထားတဲ့ စစ်အုပ်စုပါရာမော်တာကို ပြန်လည်ပြင်ဆင်အသုံးပြု‌နေ၊

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၂၄

မကွေးတိုင်း မြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်ကြားမှာ စစ်အုပ်စုရဲ့ ပါရာမော်တာ(စက်တပ်လေထီး)တစ်စီးကို‌ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့ပြီးနောက် အဲဒီပါရာမော်တာကို ပြုပြင်ကာ စတင်ပျံသန်းအသုံးပြုနေပြီလို့ မြိုင် ပကဖတာဝန်ရှိသူတွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့က မြိုင်နယ်နဲ့ပေါက်နယ်ကြားမှာ စစ်အုပ်စုရဲ့ပခုက္ကူတပ်မ – ၁၀၁ ကနေ ဗုံးကြဲဖို့လာတဲ့ ပါရာမော်တာတစ်စီးကို တော်လှန်ရေးတပ်တွေက ပွိုင့်ဖိုက်နဲ့ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ပစ်ချရရှိထားတဲ့ ပါရာမော်တာကို ပြန်လည်ပြုပြင်ပြီးနောက် ပျံသန်း‌တာတွေ လုပ်ဆောင်နိုင်နေပြီဖြစ်တာကြောင့် လေကြောင်းအန္တရာယ်ကို အတိုင်းအတာတစ်ခုအထိ လျော့ကျသွားနိုင်တယ်လို့ မြိုင်ပကဖတာဝန်ခံလက်ယာက ပြောပါတယ်။

“ပါရာမော်တာက ကျွန်တော်တို့နေရာကို ပျံကိုမပျံရဲတော့ဘူး၊သူတို့ပါရာမော်တာတစ်စင်းက ကျွန်တော်တို့လည်း ပျံနေတာပဲ၊ဒီကောင်တွေ ပါရာမော်တာလာရင် ကျွန်တော်တို့လည်း ပြန်ပစ်မှာ၊လောလောဆယ် ဂျိုင်ရိုကော်ပတာတွေ ပစ်နေတာ၊သူတို့ပါရာမော်တာ ပျံလာမလား ကျွန်တော်တို့လည်း စောင့်နေကြတာ၊လေ့ကျင့်နေတာ၊သူတို့ပြုတ်ကျထားတဲ့ ပါရာမော်တာက ကောင်းနေပြီ”

စစ်အုပ်စုတပ်ဟာ မကွေးတိုင်းအတွင်းက ပခုက္ကူနယ်၊ မြိုင်နယ်၊ ပေါက်နယ်နဲ့ရေစကြိုနယ်တို့ကို ပခုက္ကူတပ်မ – ၁၀၁ ကနေ စက်တပ်လေထီးနှစ်စီး ပျံလွှတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပါရာမော်တာတစ်စီး ပျက်ကြပြီးနောက်ပိုင်း ပါရာမော်တာကို အသုံးမပြုတော့ဘဲ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ဂျိုင်ရိုကော်ပတာတွေ အသုံးပြုတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က မြိုင်နယ်မြောက်ပိုင်းက ဘုန်းကြီးကန်ကျေးရွာကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြိး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်မှာလည်း မြိုင်နယ်အနောက်ပိုင်းက ရွာသစ်ကုန်းကျေးရွာကို ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်ဟာ လူသတ်ဗုံးကြဲနေတဲ့ မြန်မာပြည်အလယ်ပိုင်းက စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက မြို့နယ်တွေမှာ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေအပြင် ကင်းထောက်ဒရုန်းတွေအစားထိုး အနေနဲ့ နည်းပညာမြှင့်ထားတဲ့ Spy Ballons တွေကို ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက စတင်အသုံးပြုလာပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button