မကွေးသတင်း

ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာရဲထွန်းဇော်ကို ခန့်အပ်၊

နန်းယု/MFP၊ ဒီဇင်ဘာ – ၂၆

မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ကျင်းပခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက် ဒီနေ့မှာ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာရဲထွန်းဇော်ကို ခန့်အပ်လိုက်တယ်လို့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ပါတယ်။

အဲဒီ ခန့်အပ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါ လရှီးလ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်‌တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အပါအဝင်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကြားကာလမကွေးဖက်ဒရယ်ယူနစ် ၀န်ကြီးချုပ်ဖြစ်တဲ့ ဒေါက်တာရဲထွန်းဇော်ဟာ မကွေးတိုင်း၊ မင်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ် -၂ရဲ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အဆိုပြုတင်သွင်းရာမှာ ကန့်ကွက်သူ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ကြားကာလ ရွေးချယ်ရေးကော်မရှင်က ပေးပို့လာတဲ့ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်လောင်း အမည်စာရင်းမှာ ဒေါက်တာရဲထွန်းဇော် (မင်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂) ကို လွှတ်တော်ကို တင်သွင်းကာ လွှတ်တော်ရဲ့ သဘောထား ကန့်ကွက်သူမရှိတာကြောင့် ဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်ထဲမှာပဲ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဆိုင်ရာဥပ‌ဒကို မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ အတည်ပြုပြဋ္ဌာန်းလိုက်တယ်လို့ နိုဝင်ဘာ ၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အလားတူ ဒီဇင်ဘာလ၂၃ ရက်ကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြားကာလအစိုးရအဖွဲ့ကို အတည်ပြုဖွဲ့စည်းပြီးနောက် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁၁ ဦးနဲ့ ရှေ့နေချုပ်တစ်ဦးတို့ကို ခန့်အပ်ခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button