စစ်ကိုင်းသတင်း

တမူးမှာ ကြိုတင်မဲကောက်ယူနေတဲ့ မိုးကောင်းဓမ္မာရုံ ဒရုန်းနဲ့ဗုံးကြဲခံရပြီးနောက် လုံခြုံရေးပိုတင်းကြပ်၊

နွေဦး/MFP ၊ ဒီဇင်ဘာ-၂၇

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ တမူးမြို့နယ် ဈေးတန်းရပ်ကွက်က ကြိုတင်မဲကောက်ယူနေတဲ့ မဲရုံတစ်ရုံဖြစ်တဲ့ မိုးကောင်းဓမ္မာရုံကို စစ်အုပ်စုတပ်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ ကြားကပဲ ဒီဇင်ဘာလ ၂၇ ရက်ဒီနေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တမူးမြို့ခံတွေက MFP ကို ပြောပါတယ်။

တမူးမြို့နယ်မှာ ရပ်ကွက်ကြီးလေးခုရှိတဲ့အထဲမှာ ဈေးတန်းရပ်ကွက်လည်း အပါအဝင်ဖြစ်ပြီး မိုးကောင်းဓမ္မာရုံကို မဲရုံအဖြစ်အသုံးချနေတဲ့ စစ်အုပ်စုတပ်တွေကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်ချိန်ဟာ မနက်ပိုင်းဖြစ်တာကြောင့် အရပ်သားနဲ့မဲရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ အမည်မဖော်လိုတဲ့ တမူးမြို့ခံတစ်ဦးက ပြောပါတယ်။

“ဗုံးခွဲခံရပြီးတော့ စစ်သားတွေရောက်လာတော့ လမ်းပေါ်အကုန်လူရှင်းသွားတယ်။ မြို့မဈေးလဲ ဆိုင်တွေသိမ်းပြီး အကုန်ပြန်ကုန်ကြတာ။ သူတို့နဲ့ထိပ်တိုက်တွေ့ရင် အဖမ်းခံရမှာစိုးရိမ်ကြလို့ပါ။ ဗုံးခွဲခံရတာကတော့ ဒဏ်ရာရတယ် မကြားပါဘူး”

လက်ရှိအချိန်မှာလည်း တမူးမြို့ပေါ်လမ်းမတွေ၊ ရပ်ကွက်တွေနဲ့ မြို့ရှောင်လမ်းတွေပါမကျန် စစ်အုပ်စုတပ်ဟာ ယခင်နေ့တွေကထက် လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ စစ်ဆေးမှုတွေရှိနေတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးရုံးနဲ့ မြို့အဝင်အထွက်ဆိုင်းဘုတ်အနီးမှာ မိုင်းခွဲခံရပြီးနောက် ခရစ်စမတ်ပွံတော်ကို လာရောက်လည်ပတ်ကြတဲ့ အရပ်သားတစ်ရာကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

စစ်အုပ်စု ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲကို တမူးမြို့နယ်က ရပ်ကွက်လေးခုနဲ့ကျေးရွာအုပ်စုတစ်အုပ်စုမှာ မဲရုံပေါင်း ၂၆ ရုံထားရှိထားပြီး မဲပေးခွင့်ရှိဦးရေ ၃၇,၂၅၃ ဦးရှိကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

တမူးမြို့နယ်မှာတော့အာဏာသိမ်းစစ်အုပ်စုက မြို့သစ်မြို့ ရပ်ကွက်သုံးခု၊ ခါတ်းပတ်မြို့ရပ်ကွက်ငါးခုနဲ့ ကွန်းတောင်းကျေးရွာအုပ်စု ၊အင်ဒိုင်းကျေးရွာအုပ်စု၊ အလှော်ကျေးရွာ အုပ်စု၊ ခမိတ်ကျေးရွာအုပ်စု၊ ဝိတုတ်ကျေးရွာအုပ်စု အပါအဝင် အုပ်စု ၂၁ ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ကြောင်း ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ အာဏာသိမ်းစစ်အုပ်စုကလာမဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တမူးမြို့အပါအဝင် ၊ကလေး ၊လေရှီး ၊လဟယ်၊နန်းယွန်း ၊ကသာ၊ကန့်ဘလူ ၊ခန္တီး ၊မုံရွာ၊ရွှေဘို ၊ဟုမ္မလင်းစတဲ့ မြို့နယ် ၁၂ ခုက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရွေးကောက်ပွဲ အပိုင်း -၁ ကိုကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button