MN/MFP ၊ ဒီဇင်ဘာ – ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အရှေ့ခြမ်း မုံရွာစီးပွားရေးတက္ကသိုလ်အနီးက ရွှေဇလုပ်ရွာကို ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ စစ်အုပ်စုတွေ လက်နက်ခဲယမ်းအပြည့် တင်ဆောင်ထားတဲ့ သံချပ်ကာကားတွေနဲ့ ရောက်ရှိလာပြီး ရွေးကောက်ပွဲမှာ မဲလာမထည့်ရင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်သွားကြောင်း မြို့ခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“Eco ဘက်မှာ ဒီကောင်တွေ(စစ်အုပ်စု) စက်လက်တွေနဲ့ အမြောက်တင်ထားတဲ့ သံချပ်ကာကားတွေနဲ့ ရောက်လာပြီးတော့ ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်သွားတာပေါ့။ ပြည်သူတွေကကြောက်ကြတော့ အခု ကြိုတင်မဲသွားပေးနေကြရတယ်။ အဲဒီ ရွှေဇလုပ်ရွာကလည်း မြို့နဲ့ကပ်နေတာဆိုတော့ မဲသွားပေးကြရတာပေါ့”
စစ်အုပ်စုတပ်ဟာ သူအထိုင်ချတပ်စွဲထားတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ထဲမှာ မဲရုံဖွင့်လှစ်ထားပြီး အနီးဝန်းကျင်ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေကို မဲပေးဖို့နဲ့ မဲမပေးရင် မီးရှို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလုပ်နေတာလို့ ဆိုပါတယ်။
တစ်ဆက်ထဲမှာပဲ စစ်အုပ်စုတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ လုပ်ငန်းရှင်တွေကို အလုပ်သမားတွေနဲ့အတူ ရွေးကောက်ပွဲနေ့မှာ မဲလာပေးကြဖို့ ဖိအားပေးတာတွေလည်း ရှိနေတယ်လို့ နောက်ထပ်အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီးတော့ မဲလာပေးဖို့ ပြောတာပေါ့။ လုပ်ငန်းရှင်တွေကတော့ အစုံပါပဲ။ လုပ်ငန်းကြီးလုပ်သူတွေလည်း ပါတာပေါ့။ သူတို့ ဝန်ထမ်းတွေပါ ရွေးကောက်ပွဲနေ့မှာ ခေါ်လာပြီး မဲလာထည့်ကြဖို့ ပြောတာတွေရှိတယ်။ အဲဒီလို မဲလာမပေးရင် လုပ်ငန်းတွေ ဆက်လုပ်လို့မရအောင် လုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာတွေရှိတယ်”
နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ စစ်အုပ်စုတပ်ဟာ ထွက်ပေါက်တစ်ခုအနေနဲ့ ရွေးကောက်ပွဲဖော်ဆောင်နိုင်ဖို့ ကြိုးစားနေပြီး စစ်ကိုင်းတိုင်းမှာဆိုရင် တမူးမြို့၊ကလေး ၊လေရှီး ၊လဟယ်၊နန်းယွန်း ၊ကသာ၊ကန့်ဘလူ ၊ခန္တီး ၊မုံရွာ၊ရွှေဘို ၊ဟုမ္မလင်းစတဲ့ မြို့နယ် ၁၂ ခုက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရွေးကောက်ပွဲ အပိုင်း -၁ ကိုကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။
စစ်အုပ်စုတပ်ဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ စစ်ကိုင်းတိုင်းက မြို့တော်မုံရွာမှာ လုံခြုံရေးတွေ ထပ်တိုးချထားသလို မဲရုံရှိတဲ့နေရာတွေအနီးမှာလည်း အရပ်ဝတ်နဲ့ ပျုစောထီးတွေပါ စောင့်ကြည့်နေပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ထဲမှာတော့ မဲရုံတွေလုံခြုံရေးပေးဖို့ လှုပ်ရှားသွားလာနေတာတွေ့တယ်။ ဒေသခံတွေကတော့ ဒီနေ့မှာ အသွားအလာလုပ်တာ မရှိသလောက်ပဲ။ တခြားဒေသက လာတဲ့သူတွေ နည်းနည်းပါးပါးလောက်ပဲရှိတာ။ မြို့ခံပြည်သူလူထုကတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘူး။ မဲစာရင်းလည်း အများစုက သွားမကြည့်ကြဘူး။ ဒီရွေးကောက်ပွဲက သူတို့(စစ်အုပ်စု)အတွက် ထွက်ပေါက်လုပ်တာ ကိုယ့်ဖဲကိုယ်ချိုးတဲ့ပွဲပေါ့”
မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မဲ့ရွေးကောက်ပွဲ အပိုင်း-၁မှာတော့ မုံရွာမြို့ပေါ်ရပ်ကွက် ၃၁ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၂ ခုမှာသာ ရွေးကောက်ပွဲ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားနိုင်တဲ့ ကျေးရွာအုပ်စု ၅၂ စုမှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ချက်အရ မုံရွာမြို့နယ်မှာ မဲပေးခွင့်ရှိသူဦးရေ ၂၀၃,၄၀၃ ဦးရှိနေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြ်ိုးရေးပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီစတဲ့ နိုင်ငံရေးပါတီလေးခုက စစ်အုပ်စုအလိုကျ ဝင်ရောက်ယှည်ပြိုင်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စု ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူတွေကို ရွေးကောက်ပွဲမှာ မပါဝင်ဖို့နဲ့ ဆန္ဒမဲမပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



