မန္တလေးသတင်း

မန္တလေးပေါက်ကွဲမှု လူနှစ်ဦး ဒဏ်ရာရတယ်လို့ စစ်အုပ်စု ပြော၊

ဂျီဂျီ/MFP ၊ ဒီဇင်ဘာ – ၂၈

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ မလုပ်ခင် နာရီပိုင်းအလို ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့ မနက် ၁ နာရီဝန်းကျင်အချိန် မန္တလေးမြို့ပေါ် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာ လူနှစ်ဦး ဒဏ်ရာရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

စစ်ကိုင်းဘက်ကနေ မန္တလေးမြို့ထဲကို ရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သုံးလုံးက ကျုံးထဲကျကာ အထိအခိုက် မရှိခဲ့ဘဲ တစ်လုံးက လူနေအိမ်ထဲ ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“သုံးလုံးက ကျုံးထဲကျတာ။ အထိအခိုက် မရှိဘူး။ တစ်လုံးက အထဲမှာကျတယ်။ နှစ်ဦး ဒဏ်ရာရတယ်” လို့ စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားသူတစ်ယောက်က ပြောပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်းနဲ့ ၅လမ်းအနီးက နေအိမ်တစ်အိမ်ထဲကို ရှော့တိုက်ဒုန်း ကျရောက် ပေါက်ကွဲတာ ဖြစ်ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရတယ်လို့ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ က လက်သပ်မွေးထားတဲ့ စစ်ဘော်လီတွေကလည်း သတင်းဖြန့်ပါတယ်။

စစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲကို မန္တလေးတိုင်းအတွင်း မြို့နယ် ရှစ်ခုမှာ လုပ်ဆောင်နေတာပါ။

အဲ့ဒီ ရှစ်မြို့နယ်မှာ မဲရုံ ၁၂၀၀ကျော် ဖွင့်လှစ်ကာ မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ မဲရုံစောင့်အင်အား ၁၅,၀၀၀ ဝန်းကျင်နဲ့ လုပ်ဆောင်နေတယ်လို့ စစ်အုပ်စု လက်အောက်ခံ တိုင်းရွေးကော်ပွဲကော်မရှင်အဖွဲ့က ဆိုပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲမတိုင်မီ နာရီပိုင်းအလို ပေါက်ကွဲမှုဖြစ်လို့ ဒဏ်ရာရသူတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button