စစ်ကိုင်းသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ကလေးမြို့မှာ လက်နက်ကြီးတပ်ဆင်ထားတဲ့ ကားတွေနဲ့ မြို့တွင်းလှည့်လည်ကာ စစ်အုပ်စု ရွေးကောက်ပွဲလုံခြုံရေးယူနေ (PhotoNews)

‌ရွေဥ/MFP ၊ ဒီဇင်ဘာ – ၂၈

စစ်အုပ်စုရဲ့ရွေးကောက်ပွဲ အပိုင်း-၁ ကျင်းပပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လက်နက်ကြီးတပ်ဆင်ထားတဲ့ ကားနဲ့ မြို့ပေါ် လှည့်လည်သွားလာနေတာကြောင့် လမ်းမပေါ်

လူသွားလူလာမရှိဘဲ မဲပေးသူ အနည်းငယ်သာရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုတပ်တွေက ကလေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်သစ္စာရပ်ကွက် ၊အောင်မင်္ဂလာရပ်ကွက် ၊မင်္ဂလာဥယျာဉ်ရပ်ကွက် ၊အောင်မြေမာန်ရပ်ကွက်၊အောင်မတ္တာရပ်ကွက်၊ချမ်းမြေအောင်စည်ရပ်ကွက်၊တပ်ဦးသီတာရပ်ကွက်၊ပင်လုံရပ်ကွက်၊သဇင်ရပ်ကွက် ၊ညောင်ပင်သာရပ်ကွက်က စာသင်ကျောင်းတွေမှာ မဲရုံတွေ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

အဲဒီ မဲရုံတွေတွေအနီးမှာ စစ်အုပ်စုတပ်ရဲ့ လက်နက်ကိုင်တပ်သားတွေနဲ့ ပျူစောထီးတွေက လုံခြုံရေးယူထားပြီးတော့ လမ်းမကြီးတွေနဲ့ လမ်းကြို၊လမ်းကြားတွေမှာတော့ လက်နက်ကြီးတင်ဆင်ထားတဲ့ ကားတွေနဲ့ လှည့်ပတ်နေတယ်လို့ကလေးမြို့ခံတွေက ပြောပါတယ်။

“နှစ်ထပ်ပါတဲ့ ကားတွေနဲ့ ပတ်နေတာ၊ စတင်းဂန်းတွေ ပါတယ်၊ လက်နက်ကြီးတွေပါတယ်။ တစ်မြို့လုံးလမ်းကြိုလမ်းကြားမကျန် ပတ်နေတာ “

ဒီလို စစ်အုပ်စုကလှည့်ပတ်နေတာကြောင့် မြို့မစျေး ၊မိုးလင်းစျေး ၊ဆိပ်ကမ်းသာစျေးဆိုင်တွေနဲ့ လမ်းမကြီးဘေးဝဲယာမှာရှိတဲ့စျေးဆိုင်တွေအားလုံး ပိတ်သိမ်းထားကြပြီးတော့ လမ်းမပေါ်သွားလာသူမရှိသလို မဲရုံတွေမှာလဲ မဲထည့်သူအနည်းငယ်သာ ရှိတယ်လို့ မြို့မစျေးသည်တစ်ဦးက ပြောပါတယ်။

“ဆိုင်တွေက အားလုံးပိတ်တယ်။လူအသွားအလာ လုံးဝမရှိဘူး။အမှတ်(၁၀) ကျောင်းမှာဆို အဲ့နားက စျေးဆိုင်တွေအားလုံးပိတ်ခိုင်းတယ်။ဆိုင်တွေ အကုန်ပိတ်ခိုင်းတယ်။အဲ့ဒီမဲရုံမှာ စစ်သား (၁၀) ယောက်ကျော်လောက်ရှိတယ်။သေနတ်တွေနဲ့ စောင့်နေတာ “

ကလေးမြို့မှာတော့ အာဏာသိမ်းစစ်အုပ်စု ရွေးကောက်ပွဲမဲစာရင်းကို မဲပေးဖို့သုံးရက်အလို အချိန်နီးကပ်မှသာ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ခရိုင်ရဲစခန်းရဲ့ပင်လုံအထွေထွေ အုပ်ချုပ်ရေးရုံးမှာ မဲစာရင်းအမည်တွေ ကပ်ထားတာဖြစ်တာကြောင့် မဲပေးရမယ့် နေရာကိုမသိသလို ၊စိတ်ဝင်စားမှု မရှိကြဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ပင်လုံရပ်ကွက်ရုံးနဲ့ ခရိုင်ရဲစခန်းရှေ့ကပ်တာ၊အဲ့နားက စစ်တပ်ကော ရဲကောရှိတယ်၊ဘယ်သူ သွားမကြည့်ရဲကြဘူး၊ကြည့်တဲ့လူက နည်းနည်းပဲ၊စာရွက် ၊ပြဲရင် စုတ်ရင်က ဖမ်းမှာ ဆိုတော့ ကိုယ်သွားမှ ပြဲမှာကြောက်လို့ မကြည့်ရဲ့ဘူး”

အာဏာသိမ်းစစ်အုပ်စု ပြုလုပ်မဲ့ ရွေးကောက်ပွဲကိုတော့ တော်လှန်ရေးအင်အားစုတွေက မပူးပေါင်း မပါဝင်ဖို့တိုက်တွန်းထားသလို ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း မြို့မြောက်ပိုင်းမှာ စစ်

အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်မှာ လူဦးရေ ၃၄၅,၅၁၆ ဦးနေထိုင်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၇၆,၈၉၂ ဦးရှိတယ်လို့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ စစ်အုပ်စုတပ်ဟာ ထွက်ပေါက်တစ်ခုအနေနဲ့ ရွေးကောက်ပွဲဖော်ဆောင်နိုင်ဖို့ ကြိုးစားနေပြီး စစ်ကိုင်းတိုင်းမှာဆိုရင် တမူးမြို့၊ကလေး ၊လေရှီး ၊လဟယ်၊နန်းယွန်း ၊ကသာ၊ကန့်ဘလူ ၊ခန္တီး ၊မုံရွာ၊ရွှေဘို ၊ဟုမ္မလင်းစတဲ့ မြို့နယ် ၁၀ ခုက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရွေးကောက်ပွဲ အပိုင်း -၁ ကိုကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button