
စျေးချိုတော် အပါအဝင် တခြား စျေးတွေ၊ ဆိုင်တွေ ပုံမှန်အတိုင်း ဖွင့်လှစ်၊
ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၈
မန္တလေး ပဲ၊နှမ်း ကုန်စည်ဒိုင်ခေါ် ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းက အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို မဲပေးဖို့အတွက် ကုန်စည်ဒိုင် အရောင်းအဝယ် လုပ်ငန်းတွေကို တစ်ရက် ပိတ်သိမ်းတယ်လို့ ကြေညာပါတယ်။
“အသင်းသူ/အသင်းသားများ ဆန္ဒမဲပေးရန်အတွက် ၂၈.၁၂.၂၀၂၅-တနင်္ဂနွေနေ့ တွင် အသင်းတိုက်ကြီးအား ပိတ်ထားမည် ဖြစ်ပါသည်” လို့ မန္တလေး ကုန်စည်ဒိုင်က ဆိုင်းဘုတ်ထောင် ကြေညာထားပါတယ်။
မန္တလေးကုန်စည်ဒိုင်ဟာ ချမ်းအေးသာစံမြို့နယ်၊ ၈၆လမ်း၊ ၃၃လမ်းနဲ့ ၃၄လမ်းကြားမှာ တည်ရှိပါတယ်။
မန္တလေးဈေးချိုတော် အပါအဝင် တခြားသော စျေးတွေ၊ ဆိုင်တွေ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပေမယ့် ကုန်စည်ဒိုင်က အခုလို ရွေးကောက်ပွဲအကြောင်းပြကာ ဒိုင်ပိတ်တာဟာ စစ်အုပ်စုကို အားပေးထောက်ခံကြောင်း ပြသတဲ့သဘောဖြစ်မယ်လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
“ချမ်းအေးသာစံထဲမှာဆို တခြားဈေးတွေလည်း ဖွင့်တယ်၊ ဉပမာ ဈေးချိုလိုဟာမျိုးတောင် ဖွင့်တယ်၊ ဆန္ဒမဲပေးရန်အတွက် အသင်းတိုက် ကိုယ်တိုင်က “အတုအယောင်ရွေးကောက်ပွဲကို မဲပေးဖို့ တိုက်တွန်းနေသလို ဖြစ်နေတယ်၊ ဆန္ဒမဲ ဆိုတာ ကိုယ်ပေးချင်စိတ်ရှိမှ သွားပေမှာလေ၊ ပိတ်ဖို့အထိ မလိုပါဘူး၊ အသင်းမှာက ချမ်းအေးသာစံ ထဲကလူတွေပဲ ပါတာမဟုတ်ဘူးလေ”
မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်ထဲမှာ စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်နေပြီး မဲပေူသူကတော့ အနည်းငယ်ရှိကာ မဲရုံတစ်ရုံချင်းစီမှာ လူ၂၀ ကနေ ၅၀ ကြားလောက် မဲပေးတာ တွေ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ဒီမနက်ပိုင်း မန္တလေးမြို့ပေါ်က ရွေးကောက်ပွဲ လုပ်တဲ့ မြို့နယ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာ ပြည်သူကို တားဆီးစစ်ဆေး၊ လက်နက်ပြ မိုက်ကြေးခွဲတာတွေ မလုပ်ဘဲ လွှတ်ပေးထားတာ တွေ့ရပြီး မြို့တွင်း လူအသွားအလာ ရှင်းကာ ဈေးချိုတော်ပင် ပုံမှန်အတိုင်း ဖွင့်လှစ်ထားပေးမယ့် ဈေးဝယ်သူတော့ ရှင်းနေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ချမ်းအေးသာစံမြို့နယ် အပါအဝင် မန္တလေး ကမ်းနားလမ်းနဲ့ မြို့ပတ်လမ်းဘက်မှာ စစ်အုပ်စု လက်နက်ကိုင်ကာ ကားနဲ့ လှည့်ပတ်နေတာလည်း တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။


စစ်အုပ်စု ရွေးကောက်ပွဲရှိလို့ ဒိုင်ပိတ်ကြောင်း မန္တလေးကုန်စည်ဒိုင်က ကြေညာထားစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



